အကြမ်းဖက်သောင်းကျန်းသူများသည် အပြစ်မဲ့ အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၇ ရက် ညနေ ၅ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့၊ အမှတ်(၃)ရပ်ကွက်သို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရပ်ကွက်အတွင်း လက်နက်ကြီး ဗုံးသီးတစ်လုံးကျရောက် ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေ ဦးသော်တာဦး(၃၅)နှစ်၊ ဒေါ်တင်အေး(၇၂)နှစ်၊ ဒေါ်ယဉ်မိုးခိုင် (၂၅)နှစ်နှင့် မောင်သုတအောင် (၃)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။