Language: Myanmar English

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၌  မြေအောက်ကေဘယ်မီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသား တစ်ဦး ဖမ်းဆီးရမိ

    နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၉ ရက်က မြေအောက်ကေဘယ်မီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသား တစ်ဦး အားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၉ ရက် နံနက် ၃ နာရီခွဲတွင် တပ်ကုန်းမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် နေပြည်တော်-တပ်ကုန်း၊ အမှတ်(၁)လမ်း၊ သတ္တသတ္တာဟဘုရားနှင့် သပြေစမ်းကျေးရွာကြား လမ်းလယ်ကျွန်းပေါ်၌ မသင်္ကာဖွယ်ရာအမျိုးသား တစ်ဦးအား တွေ့ရှိစစ်ဆေးခဲ့ရာ ပုဗ္ဗသီရိမြို့နယ်၊ ဇလုပ်ကြီးကျေးရွာနေ ကျော်စိုး(၄၅)နှစ်(ဘ)ဦးတင်မောင်ဖြစ်ပြီး ၎င်းထံမှဖြတ်တောက် ခိုးယူထားသော မြေအောက်ကေဘယ် မီးကြိုးဖြတ်စခွေ(၁၆)ခွေ၊ ဂေါ်ပြား တစ်လက်၊ ဓားမ တစ်ချောင်း၊ မီးကြိုးခွာရာတွင် အသုံးပြုသော အဝါရောင်လက်ညှစ်ဓား နှစ်ချောင်း၊ ဓားဆံဘူး တစ်ဘူး၊ ဂက်စ်မီးခြစ် တစ်လုံး၊ လွယ်အိတ် တစ်လုံး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    အထက်ပါဖြစ်စဉ်မှ ဖမ်းဆီးရမိတရားခံ ကျော်စိုးအား ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး အမှုရေးဖွင့်ပြီး ဆက်စပ်ပြစ်မှုများကျူးလွန်ထားခြင်း ရှိ/မရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၌  မြေအောက်ကေဘယ်မီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသား တစ်ဦး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။