Language: Myanmar English

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၌ လျှပ်စစ်မီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသား နှစ်ဦးဖမ်းဆီးရမိ

     နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၀ ရက်က လျှပ်စစ် မီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသား နှစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 
     ဖြစ်စဉ်မှာ ဩဂုတ် ၂၀ ရက် ည ၁၀ နာရီခွဲတွင် ပုဗ္ဗသီရိမြို့နယ်၊ ထုံးဖိုမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် နယ်မြေအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် သက်သေများနှင့်အတူ လှည့်ကင်းဆောင်ရွက်နေစဉ် ပုဗ္ဗသီရိမြို့နယ်၊ ညစျေးအနီး ဇော်ဂျီလမ်းပေါ်တွင် အမျိုးသား နှစ်ဦးအား မသင်္ကာဖွယ်တွေ့ရှိစစ်ဆေးခဲ့ရာ တပင်ရွှေထီးရပ်ကွက်နေ နေထက်လင်း(ခ)ဘဂျစ် (၁၉)နှစ်(ဘ)ဦးလင်းလင်းနှင့် ကျည်တောင်ကန်(၁)ရပ်ကွက်နေ ရဲထက်ပိုင်(ခ)ညိုလေး(၂၂)နှစ်(ဘ) ဦးညိုကြီးတို့ဖြစ်ပြီး ၎င်းတို့ နှစ်ဦးထံမှ အဖြူရောင်ကြွပ်ကြွပ်အိတ်အတွင်း လျှပ်စစ်မီးကြိုး(ကြေးကြိုး) ဖြတ်စ(၅၀)ကျပ်သားခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    စစ်ဆေးချက်အရ နေထက်လင်း(ခ)ဘဂျစ်နှင့် ရဲထက်ပိုင်(ခ)ညိုလေးတို့ နှစ်ဦးသည်  အဆိုပါလျှပ်စစ် မီးကြိုးများအား ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်ရှိ နေအိမ်တစ်အိမ်အတွင်းမှ ဖြတ်တောက်ခိုးယူခဲ့ခြင်း ဖြစ်ပြီး ၎င်းအပြင် ကွန်ပရက်ဆာ တစ်လုံး၊ မော်တာ တစ်လုံးနှင့် ရေမော်တာ တစ်လုံး တို့အားခိုးယူခဲ့ပြီး နေထက်လင်း(ခ)ဘဂျစ်၏ နေအိမ်တွင်သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် သက်သေခံပစ္စည်းများအား သွားရောက်သိမ်းဆည်းခဲ့သည်။
   အထက်ပါဖြစ်စဉ်မှ ဖမ်းဆီးရမိတရားခံ နေထက်လင်း(ခ)ဘဂျစ်နှင့် ရဲထက်ပိုင်(ခ) ညိုလေး တို့အား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး အမှုရေးဖွင့်ပြီး ဆက်စပ်ပြစ်မှုများ ကျူးလွန် ထားခြင်း ရှိ/မရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
 
 
နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၌ လျှပ်စစ်မီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။