Language: Myanmar English

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၄) ကျင်းပပြုလုပ်

     လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး(၁/၂၀၂၄) ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၂ ရက် မွန်းလွဲ ၂ နာရီတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော ဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ Online မှတစ်ဆင့် တက်ရောက်ကြသော အဖွဲ့ဝင်များ စုစုပေါင်း ၄၇ ဦး တက်ရောက်ခဲ့ကြပါသည်။
     အစည်းအဝေးအား အစီအစဉ် ၉ ရပ်ဖြင့်ကျင်းပခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်မှ အဖွင့်အမှာစကားပြောကြားရာတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းများအား လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဦးဆောင်မှုဖြင့် လုပ်ငန်းကော်မတီ ၄ ရပ်တွင် ပါဝင်သည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
     ၂၀၂၃ ခုနှစ် UNODC မှ ထုတ်ပြန်ခဲ့သည့် အရှေ့တောင်အာရှဒေသအတွင်း ကာစီနို၊ ဆိုက်ဘာလိမ်လည်မှုနှင့် အတင်းအကျပ်ရာဇဝတ်မှုကျူးလွန်စေရန် လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာ၌ အရှေ့တောင်အာရှဒေသများဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် မြန်မာနိုင်ငံ စသည့်နိုင်ငံများတွင် အွန်လိုင်းလိမ်လည်မှုနှင့် ငွေကြေးလိမ်လည်မှုများကို အတင်းအကျပ် ကျူးလွန်စေသည့် လူကုန်ကူးမှုများသည် ပုံစံအသစ်ဖြင့်တိုးတက်ဖြစ်ပေါ်လျက်ရှိကြောင်း၊ အဆိုပါဖြစ်ပေါ်နေမှုကို နိုင်ငံတကာမှ ပုံစံသစ်ဖြင့်ဖြစ်ပေါ်လာသော လုပ်အားခေါင်းပုံဖြတ်သည့် လူကုန်ကူးမှုဟု အမည်တပ်လာကြကြောင်း။
     ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားခဲ့ပြီးနောက် လူမှုစီးပွားဘဝ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေး လုပ်ဆောင်ကြရာတွင် အွန်လိုင်းဆက်သွယ်ဆက်ဆံမှုလုပ်ငန်းများ၊ အွန်လိုင်းငွေကြေးရင်းနှီးမြှုပ်နှံမှုနှင့် ငွေပေးချေမှုစနစ်များ တိုးတက်ပြောင်းလဲလာမှုအပေါ်အခြေခံပြီး အွန်လိုင်းလိမ်လည်မှု မှုခင်းများဖြစ်ပွားမှု ပိုမိုများပြားလာသည်ကို တွေ့ရှိနေရကြောင်း၊ ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ နည်းပညာများဖွံ့ဖြိုးတိုးတက်လာခြင်းသည် အွန်လိုင်းလိမ်လည်မှုကုမ္ပဏီများ ပေါ်ပေါက်လာစေသည့် အခြေခံအကြောင်းအရင်းများပင်ဖြစ်ပါကြောင်း။
     မြန်မာနိုင်ငံအစိုးရအနေဖြင့်လည်း အွန်လိုင်းလိမ်လည်မှု (Online Scam)လုပ်ငန်းများကို ထိထိရောက်ရောက်တားဆီးနှိမ်နင်းလျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် အတင်းအကျပ်ခိုင်းစေခံရသူများကို ကယ်တင်၍ ၎င်းတို့၏နေရပ်ဒေသများသို့ ပြန်လည်စေလွှတ်လျက်ရှိကြောင်း။ 
     မြန်မာနိုင်ငံသို့ နယ်စပ်ဒေသများမှတစ်ဆင့် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာပြီး အခက်အခဲမျိုးစုံကြုံတွေ့နေရသည့် နိုင်ငံခြားသားများအား မြန်မာနိုင်ငံရှိသံရုံးများနှင့် အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ ဆက်သွယ်မှုလမ်းကြောင်းများမှတစ်ဆင့် အကူအညီတောင်းခံလာမှုများနှင့် ပတ်သက်ပြီး ကယ်တင်ရရှိသူများကို သက်ဆိုင်ရာနိုင်ငံအသီး သီးသို့ ပြန်လည်လွှဲပြောင်းခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း။
     ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြရာမှ အခက်အခဲမျိုးစုံ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများကိုလည်း သက်ဆိုင်ရာနိုင်ငံများရှိ သံရုံးများနှင့်ချိတ် ဆက်ကာ သက်ဆိုင်ရာ ဝန်ကြီးဌာနများပူးပေါင်း၍ မိမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိကြောင်း။ 
     နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ဘင်္ဂလားပင်လယ်အော်စီးပွားရေးနှင့်နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(ဘင်းမ်စတက်) အဖွဲ့ဝင်နိုင်ငံများအကြား အကောင်အထည်ဖော်ဆောင်ရွက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ဘင်းမ်စတက် ကွန်ဗင်းရှင်းလုပ်ငန်းလမ်းညွှန် (TOR) နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ဘင်းမ်စတက် လုပ်ငန်းစီမံချက်ကို အပြီးသတ်ရေးဆွဲအတည်ပြုနိုင်ခဲ့ကြောင်း။ 
     မဲခေါင်မြစ်ဝှမ်းဒေသတွင်းနိုင်ငံများ၏ ဝန်ကြီးများအဆင့်အစည်းအဝေးများ၊ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဒေသတွင်းလုပ်ငန်းအဖွဲ့အစည်းအဝေးများကို ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ဒေသတွင်းနိုင်ငံများအကြား လူကုန်ကူးမှုများကို ထိရောက်စွာ တိုက်ဖျက်နိုင်ရေးအတွက် မဲခေါင်ဒေသခွဲလုပ်ငန်းစီမံချက်များ ရေးဆွဲအကောင် အထည်ဖော်ခဲ့ရာ ၄ ကြိမ်မြောက်ရှိပြီး စီမံချက်ပါ လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း။
   လူကုန်ကူးခံရသူများအတွက် အကောင်းဆုံးဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် စံလုပ်ငန်းအစီအစဉ်တစ်ခုဖြစ်သည့် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ် ၂၀၂၀ ကို ရေးဆွဲအတည်ပြုပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့များအား အဆိုပါ စံလုပ်ငန်းအစီအစဉ် အသုံးပြုနည်းသင်တန်းများကို ယခင်နှစ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားပြီး စံလုပ်ငန်းအစီအစဉ်တွင်ပါရှိသည့် လုပ်ငန်းစဉ်များအတိုင်း လိုက်ပါဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။ 
     လူကုန်ကူးခံရသူများကို လိုအပ်သည့်ပံ့ပိုးကူညီမှုများ၊ ညွှန်းပို့ကူညီမှုများ၊ နောက်ဆက်တွဲ စောင့်ရှောက်မှုများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကိုတွေ့ရှိရ၍ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း။
     သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ၂၀၂၄ ခုနှစ် လုပ်ငန်းစီမံချက်၏ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဒုတိယ ၆ လပတ် ကုန်ဆုံးခဲ့ပြီဖြစ်၍ မိမိတို့ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များ၏ အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်ပြီး ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ် ငန်းစဉ်များအား သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်သွားမှသာ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ ၅ နှစ်စီမံကိန်း ၂၀၂၂-၂၀၂၆ ၏ မျှော်မှန်းရလဒ်များကိုပြည့်မီအောင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ 
   ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဝင်များမှ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများကို အကြံပြုဆွေးနွေးခြင်း၊ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ခြုံငုံသုံးသပ်ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ အစီအစဉ်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိဂုံးချုပ်အမှာစကားပြောကြားရာ မြန်မာနိုင်ငံ၌ပြောင်းလဲဖြစ်ပေါ်နေသော လူကုန်ကူးမှု ပုံစံသစ်များကို တိုက်ဖျက်ရာတွင် ရေးဆွဲထားရှိသော မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ ၅ နှစ်စီမံကိန်း၏ လုပ်နည်းလုပ်ဟန်သစ်များနှင့် နိုင်ငံတကာတွင်ကျင့်သုံးနေသည့် စံနှုန်းများကို အသုံးပြုပြီး သက်ဆိုင်ရာအစိုးရဌာနများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးကပါ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာဗဟုသုတများဖြင့် ပူးပေါင်းပါဝင်အကောင်အထည် ဖော်ကြမှသာ လူကုန်ကူးမှုများလျော့နည်းကျဆင်းအောင် ထိန်းချုပ်နိုင်မည်ဖြစ်ပါကြောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် စိန် ခေါ်မှုအခက်အခဲများကို အကောင်းဆုံးဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းသစ်များကိုဖော်ထုတ်ပြီး အဖွဲ့ဝင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန်ပြောကြားခဲ့ပြီး အစည်းအဝေးပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။