၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၄ ရက် နံနက် ၇ နာရီခန့်က နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်တွင် ငလိုက်ချောင်းရေ မြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းရှိ ရွှေချီရပ်ကွက် နယ်မြေ(၅)၊ နယ်မြေ(၇)နှင့် ရွာကောက်ရပ်ကွက်တို့တွင် လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပျဉ်းမနားမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မီးသတ်ယာဉ် တစ်စီး၊ သယ်ယူပို့ဆောင်ရေးလှေ တစ်စီးတို့ဖြင့် ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ပြီးစီးခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် ရေဝင်ရောက်နေသော ရွှေချီရပ်ကွက် နယ်မြေ(၅)၊ နယ်မြေ(၇)နှင့် ရွာကောက်ရပ်ကွက်တို့မှ အိမ်ထောင်စု(၃၆၉)စု၊ လူဦးရေ(၂၀၁၁)ဦးအား ရေဘေးလွတ်ရာ စဉ်အိုးဖိုတိုက်ဘုန်းတော်ကြီးကျောင်းနှင့် နီးစပ်ရာဆွေမျိုးများအိမ်သို့ ကူညီရွှေ့ပြောင်းပေးခဲ့ပါကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။