Language: Myanmar English

အကြမ်းဖက်သောင်းကျန်းသူများက ရပ်ကွက်အတွင်းသို့ စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိ

    အကြမ်းဖက်သောင်းကျန်းသူများသည် အပြစ်မဲ့ အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
    ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၉ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့၊ အမှတ်(၂)ရပ်ကွက်သို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါရပ်ကွက်ရှိ “မြတ်ရွှေဇင်” လက်ဖက်ရည်ဆိုင်အနီးသို့ စိန်ပြောင်းဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာအနီး ရောက်ရှိနေကြသူများဖြစ်သည့် ဦးမြင့်စိုး(ခ)ဖက်တီး(၄၃)နှစ်၊ ဦးဘိုဦး(၄၅)နှစ်၊ ဦးကျော်ကျော်(၆၅)နှစ်၊ ဦးညီညီထွန်း(၅၉)နှစ်၊ ဦးစိုးလွင်(၅၉)နှစ်၊ ဒေါ်မော်(၄၅)နှစ်၊ ဒေါ်ဝင်းမာ(၄၃)နှစ်၊ မတိုးတိုးလွင်(၁၆)နှစ်၊ ဒေါ်ခင်မာဝင်း(၄၀)နှစ်နှင့် ဒေါ်နန်းညွန့်ညွန့်ဝင်း(၄၆)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့၍ နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးနေစဉ် ဒဏ်ရာရရှိသူများအနက် ဒေါ်မော်မှာ ရရှိထားသည့်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
    ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။