အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃၀ ရက် ညနေ ၅ နာရီ ၅ မိနစ်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီး တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ကျေးရွာနေ ဒေါ်ငယ်ငယ်ထွေး(၃၂)နှစ်သည် သစ်သီးသစ်ဥရှာဖွေရန် ၎င်း၏နေအိမ်မှ ထွက်လာစဉ် ရဲတံခွန်ကျေးရွာရှိ စက်ရောင်းဘုန်းကြီးကျောင်း၏ အရှေ့တောင်ဘက် မီတာ ၁၀၀ ခန့်အကွာအရောက် PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့ မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ည ၁၀ နာရီ ၄၀ မိနစ်တွင် သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ သံဖြူဇရပ်မြို့နယ်၊ “ပင”ကျေးရွာနေ ကိုကျော်ထွဋ်ခေါင်(ခ)ကျော်ထွဋ် (၂၆)နှစ်သည် သံဖြူဇရပ်မြို့နယ်၊ ကုန်းမြင့်သာယာကျေးရွာအနီးရှိ ရော်ဘာခြံအတွင်း မြက်ရှင်းနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့ မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။