အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက် ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁ ရက် ည ၉ နာရီခွဲတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမိုင်တိုင်အမှတ် ၁၃၃ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံကြား၌ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က သထုံမြို့မှ ဘီးလင်းမြို့သို့ ထွက်ခွာလာသည့် BGO-11 3Q-XXXX TOYOTA HIACE ခရီးသည်တင်ယာဉ်အား မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှုကြောင့် အဆိုပါယာဉ်ပေါ်တွင် မောင်းနှင်လိုက်ပါလာသူများဖြစ်ကြသည့် ဦးဖြိုးဝေကျော်(၃၇)နှစ်နှင့် ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ မင်းကျေးရွာနေ ဦးကျော်မျိုးသူ(၃၁)နှစ် တို့တွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး သနပ်ပင်မြို့နယ်၊ ကျွန်းကြီးကျေးရွာနေ ဒေါ်ခင်သန်းဝင်း(၆၀)နှစ်နှင့် တစ်ရွာတည်းနေ မဖြူစင်မင်း(၂၉)နှစ်၊ မင်းကျေးရွာနေ မရင်ရင်နွယ်(၃၁)နှစ်၊ ဖရဲကျေးရွာနေ ဒေါ်ချိုမာ(၅၂)နှစ်၊ ကျူချောင်း ကျေးရွာနေ ဒေါ်ဝင်းဝင်းထွေး(၃၃)နှစ်တို့တွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ သေဆုံး၊ ဒဏ်ရာရရှိသူများအား သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။