အကြမ်းဖက်သောင်းကျန်းသူများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စက်တင်ဘာ ၁ ရက် ညနေ ၅ နာရီခွဲတွင် ကျောက်ပန်းတောင်း မြို့နယ်၊ မြင်းခြံကုန်းကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဒေါ်စန်းရွှေ(၅၅)နှစ်နှင့် ၎င်း၏တူဖြစ်သူ မောင်သူရိန်မိုးဇက်(၉)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ စက်တင်ဘာ ၃ ရက် နံနက် ၄ နာရီ ၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်အတွင်းသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရပ်ကွက်အတွင်း ရှော့တိုက်ဒုံးသီးတစ်လုံးကျရောက် ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေ ဦးကိုကိုနိုင်(၃၀)နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မန္တလေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ နံနက် ၇ နာရီတွင် အောင်မြေသာစံမြို့နယ်၊ အမရဌာနီအနောက်ရပ်ကွက် အတွင်းသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံးသီးနှစ်လုံးကျ ရောက်ပေါက်ကွဲခဲ့ မှုကြောင့် ရပ်ကွက်ရှိ လူနေအိမ်နှစ်လုံးထိမှန်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြင်းခြံကုန်းကျေးရွာ၌ အကြမ်းဖက် သောင်းကျန်းသူများ၏ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၌ အကြမ်းဖက်သောင်းကျန်းသူများက ပစ်ခတ် လိုက်သည့် ရှော့တိုက်ဒုံးသီးများကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ်များပျက်စီးဆုံးရှုံးမှု မှတ်တမ်းဓာတ်ပုံ။