လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၈ ရက် နံနက် ၁၀ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာသို့ KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာရှိအခြေခံပညာအလယ်တန်းကျောင်းဝင်းအတွင်းသို့ လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် RC တစ်ထပ်ကျောင်းဆောင် နှစ်ဆောင်တွင် အမိုး၊ မျက်နှာကြက်၊ ပြတင်းပေါက်မှန်များ ပျက်စီးဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
အလားတူ မွန်းတည့် ၁၂ နာရီတွင် ရေတာရှည်မြို့နယ်၊ ရွာသာယာကျေးရွာသို့ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးဗုံးသီးများကျရောက် ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ အပြစ်မဲ့ အရပ်သားပြည်သူများဖြစ်ကြသည့် ဦးငြိမ်းရွှေ (၅၆)နှစ်၊ မောင်လွမ်းဝေနောင်(၁၂)နှစ်နှင့် ဒေါ်စန်းရီ(၆၇)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ဆွာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာ၌ လက်နက်ကိုင်အကြမ်းဖက်သမားများ၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် စာသင်ကျောင်းဆောင် နှစ်ဆောင် ပျက်စီးမှု မှတ်တမ်းဓာတ်ပုံ။
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရွာသာယာကျေးရွာ၌ လက်နက်ကိုင်အကြမ်းဖက်သမားများ၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ ပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။