Language: Myanmar English

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊  လျန်ယွင်ကန် မြို့၌ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာပြည်သူ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၈ ရက်မှ ၁၀ ရက်အထိ ၂၀၂၄ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်တက်ရောက်နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့သွားရောက်ခဲ့ရာ စက်တင်ဘာ ၁၀  ရက်တွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။ 
     တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၈ ရက်၊ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ကွမ်ကျိုးမြို့သို့ရောက်ရှိခဲ့ရာ ယူနန်ပြည်နယ်၊ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး မစ္စတာလီလိ ဦးဆောင်သောအဖွဲ့မှ ကြိုဆိုခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ည ၁၀ နာရီ ၁၅ မိနစ်တွင် ကွမ်ကျိုးမြို့မှ လေကြောင်းခရီးစဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ လျန်ယွင်ကန်မြို့သို့ စက်တင်ဘာ ၈ ရက် ည ၁၂ နာရီ ၃၀ မိနစ်တွင် ရောက်ရှိခဲ့ပါသည်။ 
     စက်တင်ဘာ ၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လျန်ယွင်ကန်မြို့၊ ဟိုင်ကျိုး (Haizhou) Bayview Conference Center ၌ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ် ဖွင့်ပွဲအခမ်းအနားနှင့် ဖိုရမ်သို့တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် ကာလရှည်ကြာ အကြမ်းဖက်မှုများနှင့် ပဋိပက္ခများကိုဖြစ်ပေါ်စေသော ရာဇဝတ်ဂိုဏ်းအုပ်စုများအား နိုင်ငံပေါင်းစုံ ပူးပေါင်းတိုက်ဖျက်ရေး၊  လူမှုဘဝတည်ငြိမ်ရေးနှင့် ပြည်သူတို့၏အသက်အိုးအိမ် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် တရားဥပဒေစိုးမိုးရေးနယ်ပယ်တွင် လက်တွေ့ဆန်သော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရေး၊ သမားရိုးကျနှင့်သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကို အတူတကွ တိုက်ဖျက်ရေးတို့ကို အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ 
     ထို့နောက် မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၊ ဝန်ကြီးမစ္စတာ ဝမ်ရှောင်ဟုန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံကာ နှစ်နိုင်ငံလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များအားဆွေးနွေးခဲ့ကြပြီး မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ရဲတပ်ဖွဲ့ပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာနထူထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် တရုတ်ယွမ် ၅ သန်း တန်ဖိုးရှိ ရဲလုပ်ငန်းဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ အကူအညီပေးရေးစာလွှာတို့အား နှစ်နိုင်ငံဝန်ကြီးများက လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြပါသည်။ ဆက်လက်၍ ညနေ ၆ နာရီ ၃၀ မိနစ်တွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လျန်ယွင်ကန်မြို့ရှိ ရဲလုပ်ငန်းခွင်ဆိုင်ရာပစ္စည်းကိရိယာများနှင့် နည်းပညာပြပွဲသို့ သွားရောက်လေ့လာခဲ့ပါသည်။ 
     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ၂၀၂၄ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်ခဲ့သည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံဝန်ကြီးဌာနနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှုများအပေါ် အပြုသဘောဆောင်သည့် ရလဒ်များကိုရရှိခဲ့ကြောင်း သတင်းရရှိသည်။