Language: Myanmar English

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် သောင်ရင်းမြစ်ရေမြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းရှိ  အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်တို့တွင် ရေဝင်ရောက်မှု

     ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီခန့်က ကရင်ပြည်နယ်၊ မြဝတီမြို့တွင် သောင်ရင်းမြစ်ရေမြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းရှိ  အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃) ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်တို့တွင် လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြဝတီခရိုင်၊ မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ညနေ ၄ နာရီတွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပါသည်။
     အဆိုပါဖြစ်စဉ်ကြောင့် ရေဝင်ရောက်နေသော အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်မှ အိမ်ထောင်စု(၈၃)စု၊ လူဦးရေ(၂၆၁)ဦးအား ရေဘေးလွတ်ရာ တောရဘုန်းကြီးကျောင်းသို့လည်းကောင်း၊ အမှတ်(၃)ရပ်ကွက်မှ အိမ်ထောင်စု(၁၀၇)စု၊ လူဦးရေ(၃၅၂)ဦးအား ရေဘေးလွတ်ရာ ဓမ္မံရန်အောင်ဘုန်းကြီးကျောင်းနှင့် ဇေယျသိဒ္ဓိဓမ္မာရုံသို့လည်းကောင်း၊ အမှတ်(၄)ရပ်ကွက်မှ အိမ်ထောင်စု(၄၀)စု၊ လူဦးရေ(၁၆၅)ဦးအား ရေဘေးလွတ်ရာ ဟေမာန်ဦးဘုန်းကြီးကျောင်းသို့လည်းကောင်း၊  အမှတ်(၅)ရပ်ကွက်မှ  အိမ်ထောင်စု(၈၀၄)စု၊ လူဦးရေ(၃၂၁၆)ဦးအား ရေဘေးလွတ်ရာ ကိုးနဝင်းဘုန်းကြီးကျောင်း၊ ဖားခြောက်ကောင်ဘုန်းကြီးကျောင်း၊ ဘုရားလေးဘုန်းကြီးကျောင်း၊ မြို့ရိုးဓမ္မာရုံ၊ ရေပူဘုန်းကြီးကျောင်း၊ ဝေပုလ္လင်ဘုန်းကြီးကျောင်းနှင့် ဗုဒ္ဓကျေးဇူးဘုန်းကြီးကျောင်းသို့လည်းကောင်း ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။