၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင်ကျရောက်မည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းက နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ (ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံကြီး၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်ခဲ့ကြသည်။
စုပေါင်းသန့်ရှင်းရေး လုပ်အားပေးပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရှိ ဌာနကြီးများနှင့် တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်နှင့်စာရေးဝန်ထမ်းစုစုပေါင်း ၆၆၀ ဦးတို့က ဆေးရုံကြီးဝင်း အတွင်း/အပြင် သန့်ရှင်းသာယာလှပရေးအတွက်ဆောင်ရွက်ခြင်း၊ ဆေးရုံအဆောက်အအုံများပေါ်ရှိ အမှိုက်များ၊ သစ်ရွက်ခြောက်များအား ဖယ်ရှားရှင်းလင်းခြင်း၊ အဆောက်အအုံဘေးထိစပ်နေသော သစ်ကိုင်းများ၊ သစ်ပင်ကြီးများအား အမြင်တင့်တယ်စေရေး၊ လေဝင်/လေထွက်ကောင်းမွန်စေရေးနှင့် အလင်းပွင့်စေရေး အတွက် ခုတ်ထွင်ရှင်းလင်းခြင်း၊ ချုံနွယ်ပိတ်ပေါင်းများ ဖယ်ရှားရှင်းလင်းခြင်းနှင့် ရေနုတ်မြောင်းများဖော်ထုတ်ခြင်း တို့ကိုဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုစုပေါင်းသန့်ရှင်ရေး လုပ်အားပေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက်တာရဲမြင့်နှင့် ဆေးရုံတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကာ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်ကြသည့် တပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်းများကို ရေသန့်၊ ကော်ဖီ၊ ကောက်ညှင်းပေါင်းနှင့် အကြော်စုံတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။
စုပေါင်းသန့်ရှင်းရေးလုပ်အားပေးပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်၊ စာရေးဝန်ထမ်းများနှင့်အတူ ဆေးရုံကြီးရှိ ဆရာဝန်၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများက ပျော်ရွှင်စွာဖြင့် အတူတကွ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။