Language: Myanmar English

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲနှင့် ဆေးရုံသုံးပစ္စည်းများနှင့် ဆေးဝါးများပေးအပ်လှူဒါန်းပွဲများ တက်ရောက်မှု

    ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် စာရေးဝန်ထမ်းများက နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် အမှတ်(၂)တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)တို့၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။
    စုပေါင်းသွေးလှူဒါန်းခြင်းများအား စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် အဆိုပါဆေးရုံတို့၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရှိ ဌာနကြီးများနှင့်တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်နှင့်စာရေးဝန်ထမ်း စုစုပေါင်း ၃၁၃ ဦးတို့က တစ်ချိန်တည်း စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။
    ထိုသို့ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည့် သွေးလှူရှင်တပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်းများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ်(၁)နှင့် ရဲအရာရှိကြီးများ၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)မှ ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက်တာရဲမြင့်နှင့် တာဝန်ရှိသူများ၊ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)မှ တာဝန်ရှိသူများက ကြည့်ရှုအားပေးစကားပြောကြားကာ သွေးလှူရှင်များအား အာဟာရဖြည့်စွက်စာများနှင့် အားဆေးများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
    ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)သို့ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆေးရုံသုံးပစ္စည်းများနှင့် ဆေးဝါးမျိုးစုံ စုစုပေါင်း တန်ဖိုးငွေ သိန်း ၆၀ ကျပ်အား ပေးအပ်လှူဒါန်းရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်၍ လှူဒါန်းမှုအပေါ် ကျေးဇူးတင်စကားပြောကြားခဲ့သည်။
    နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်တင်ဘာ ၂၆ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် စာရေးဝန်ထမ်း ၃၁၃ ဦးတို့က စုပေါင်းသွေးလှူဒါန်းခဲ့ကြပြီး စက်တင်ဘာ ၂၇ ရက်တွင်လည်း နေပြည်တော်(ခုတင်-၁၀၀၀)ပြည်သူ့ဆေးရုံကြီး၌ တပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်း ၂၄၇ ဦးတို့က ဆက်လက် စုပေါင်းသွေးလှူဒါန်းကြမည်ဖြစ်ရာ စုစုပေါင်း ဂုဏ်ပြုသွေးလှူဒါန်းမှု ၅၆၀ ဦးရှိမည်ဖြစ်သည်။
    ဆက်လက်၍ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီ၊ ပြည်ထဲရေးဝန်ကြီးဌာနရှိ တပ်ဖွဲ့ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၁)နှင့် ရဲအရာရှိကြီးများလိုက်ပါ၍ နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ပျဉ်းမနားမြို့နယ်ရှိ ဆင်သေကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ ဇေယျာသီရိမြို့နယ်ရှိ စည်ပင်ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ ပုဗ္ဗသီရိမြို့နယ်ရှိ အေးမြင့်သာယာကျေးရွာ မူလတန်းကျောင်းများတွင် ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ရေပြန်လည်ကျဆင်းသွားသည့်နေရာများ၌ သန့်ရှင်းရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ စာသင်ကျောင်းများမှ ကျောင်းဆရာ၊ ဆရာမများအား သွားရောက်ကြည့်ရှုအားပေးကာ စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။