Language: Myanmar English

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားများသို့ တက်ရောက်

     နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ဆရာတော်၊ သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်း၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
     အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး  ဝင်းဇော်မိုး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲချုပ်များ၊ ရဲအရာရှိကြီးများနှင့်  ၎င်းတို့၏ဇနီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။
     ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားတက်ရောက်လာကြသူများက ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်များ ချီးမြှင့်အပ်သော ပရိတ်တရားတော်များကို နာကြားကြပါသည်။
     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားတက်ရောက်လာကြသူများက ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချအမျှဝေပြီး အနုမောဒနာတရားနာကြား၍ “ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနား ရုတ်သိမ်းပြီး ဆရာတော်၊ သံဃာတော်များအား  အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြပါသည်။
     ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား-တောင်ညို လမ်းဘေးရှိ အမှတ်(၃)မင်္ဂလာကန်တော်တွင် ကျင်းပပြုလုပ်သည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားသို့ တက်ရောက်ကြပြီး မင်္ဂလာကန်တော်အတွင်းသို့ ငါးမြစ်ချင်းငါးမျိုးစိတ် ငါးသားပေါက်ကောင်ရေ ၁၀၀၀၀ အား ဇီဝိတဒါနအဖြစ် လွှတ်ပေးခဲ့ကြပါသည်။
     အလားတူ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် အလှူဒါနနှင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့ကြရာ ယနေ့နံနက်ပိုင်း၌ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်၌ စေတီတော်မြတ်ကြီးအား ရွှေစင်ရွှေပြား ၁ ကျပ်သား ဆက်ကပ်လှူဒါန်းနိုင်ရန်အတွက် အလှူတော်ငွေ ၂,၈၄၇,၀၀၀ ကျပ်နှင့် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ “ကရုဏာကမ္ဘာ” ဘိုးဘွားရိပ်သာသို့ အလှူငွေ ၁,၁၀၀,၀၀၀ ကျပ်တို့အား လှူဒါန်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။