လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၄ ရက် နံနက် ၆ နာရီ ၁၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အားစိစစ်ခဲ့ရာ အောက်တိုဘာ ၃ ရက် ည ၇ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ဗန္ဓုလရပ်ကွက်သို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရပ်ကွက်အတွင်း လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေ ကိုဘုန်းသန့်ကျော်(၂၃)နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများလုပ်ဆောင်မှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သောလုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။