တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၆ ရက် နံနက် ၈ နာရီ ၁၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကရင်နီကုန်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ရာအိမ်မှူး ဦးမျိုးမင်း(၅၀)နှစ်၊ တစ်ရွာတည်းနေ ဦးစိုးနိုင်(၅၀)နှစ်နှင့် ၎င်း၏ဇနီး ဒေါ်ဇင်မာထွေး(၅၀)နှစ်တို့သည် ၎င်းတို့၏နေအိမ်အသီးသီး၌ရှိနေစဉ် KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့ အင်အား ၁၅ ဦးခန့် ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်၍ ကရင်နီကုန်းကျေးရွာထိပ်အရောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့သုံးဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ညနေ ၄ နာရီ ၄၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရွှေကျင်မြို့နယ်၊ ရှမ်းကုန်းရပ်ကွက်နေ ဦးအောင်ကျော်မိုး(၄၂)နှစ်သည် ကွမ်းဆိပ်ကျေးရွာမှ ၎င်း၏နေအိမ်သို့ ပြန်လာစဉ် ကျုံချောင်ကျေးရွာအနီးအရောက် အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကရင်နီကုန်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍
အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ကျုံချောင်ကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍
အမျိုးသား တစ်ဦး ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။