Language: Myanmar English

လက်နက်ကိုင်အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

    တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သား ပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ် ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
    ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၈ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ သပွတ်ပင်ကျေးရွာ၌ ဓားဖြင့် ထိုးခုတ်ခံရ၍ အမျိုးသား နှစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျေးရွာနေ ဦးနန်းထွေးအောင်(၃၅)နှစ်နှင့် ဦးဖိုးအောင်(ခ)အောင်ကျော်ထူး(၃၅)နှစ်တို့သည် ၎င်းတို့၏ နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ကျေးရွာ၏မြောက်ဘက်ရှိ ရွာအဝင်လမ်းဘေးသို့ ဖမ်းဆီးခေါ်ဆောင်၍ ဓားဖြင့် ထိုးခုတ်သတ်ဖြတ် သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    အလားတူ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် တောင်သာမြို့နယ်၊ စိုင်ကန်ကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးစည်သူ(၃၈)နှစ်သည် ၎င်း၏ဇနီး ဒေါ်သီတာထွန်း(၄၀)နှစ်နှင့်အတူ ၎င်းတို့၏နေအိမ်ဈေးဆိုင်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၁၀ ဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး “သတင်းပေး၊ ဒလန်” များဟု စွပ်စွဲ၍ ဈေးဆိုင်ရှိ ANBO 125 ဆိုင်ကယ် တစ်စီး၊ တစ်ကျပ်သားခန့်ရှိ ရွှေဆွဲကြိုး တစ်ကုံး၊ တစ်ကျပ်ခွဲသားခန့်ရှိ ရွှေဆွဲကြိုး တစ်ကုံး၊ ကျောက်ပါ နားကပ် တစ်ရံ၊ ငါးမူးသားခန့်ရှိ ရွှေလက်စွပ် နှစ်ကွင်းနှင့် ငွေကျပ် ၈၀ သိန်းခန့်တို့အား လုယက်ယူဆောင်၍ ဦးစည်သူနှင့် ဒေါ်သီတာထွန်းတို့ နှစ်ဦးအား စိုင်ကန်ကျေးရွာအနီး ထိန်ကန်-ကင်းဇလုတ်-တံတား ကျေးရွာသွားတောလမ်းသို့ ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့ နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    အလားတူ ည ၁၀ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီး နှစ်ဦး သေဆုံးကာ အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဒေါ်ဌေး(၄၇)နှစ်၊ မနွယ်နှင်းဆီ(၁၁)နှစ်နှင့် မောင်ရဲရင့်အောင်(၁၄)နှစ်တို့သည် ၎င်းတို့၏နေအိမ်၌ အတူရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ) ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်ဌေးနှင့် မနွယ်နှင်းဆီတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မောင်ရဲရင့်အောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ကျေးရွာ၌ ရှေးဦးသူနာပြုနည်းဖြင့် ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
    ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။ 
 
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ သပွတ်ပင်ကျေးရွာ၌ ဓားဖြင့် ထိုးခုတ်ခံရ၍ 
အမျိုးသား နှစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။
 
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ စိုင်ကန်ကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍
အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။