Language: Myanmar English

အကြမ်းဖက်သမား လူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်း ယူကာ ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်

    အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေး ထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက် ရှိပါသည်။
    ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၈ ရက် နံနက် ၈ နာရီ ၁၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းကျေးရွာအနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဒေါ်စန်းဌေး(၄၅)နှစ်၊ ဦးလှမြင့် (၆၄)နှစ်၊ ဦးစိုးလှိုင်(၅၄)နှစ်နှင့် ဦးဝင်းသန်း(ခ)မောင်မဲ(၃၅)နှစ်တို့သည် ကျေးရွာ၏အနောက်ဘက် တစ်ဖာလုံခန့်အကွာရှိ ကျေးရွာသုသာန်အနီး မြေပဲစိုက်ခင်း၌ အလုပ်လုပ်ကိုင်နေစဉ် KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က ထောင်ထားသည့် မိုင်း လေးလုံး ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့ လေးဦးတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့၍ ဒဏ်ရာရရှိသူ ဦးစိုးလှိုင်နှင့် ဦးဝင်းသန်း(ခ)မောင်မဲတို့အား ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့လည်းကောင်း၊ ဒေါ်စန်းဌေးနှင့် ဦးလှမြင့်တို့အား တောင်ငူခရိုင်ပြည်သူ့ဆေးရုံသို့လည်းကောင်း အသီးသီး ပို့ဆောင် ထားရှိကြောင်း သိရသည်။
    အလားတူ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ညောင်လေးပင်မြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ညောင်လေးပင်မြို့နယ်၊ တော်ဝိကျေးရွာနေ ဦးခင်မောင်ရီ(၆၀)နှစ်သည် ၎င်း၏ နေအိမ်မှ ကန်စွန်းရွက်ခူးရန် ထွက်ခွာလာစဉ် ကျေးရွာရှိ တဝဂူဘုန်းကြီးကျောင်းအနီးအရောက် KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က ထောင်ထားသည့် မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။


ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ တော်ဝိကျေးရွာ၌ မိုင်းပေါက်ကွဲမှုကြောင့် 
အမျိုးသား တစ်ဦး ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။