၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၇ ရက် နံနက် ၁၁ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိ မြို့နယ်၊ သုခတော်ဝင်အိမ်ရာ၊ တိုက်အမှတ်(K-1)၊ အခန်း(၁၃)နေ ဒေါ်စန္ဒာမိုး(၆၁)နှစ်(ဘ)ဦးသိန်းညွန့်သည် တိုက်ခန်းအတွင်း ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါတိုက်ခန်း၏ ဧည့်ခန်းအတွင်း ကြမ်းပြင်ပေါ်၌ ဒေါ်စန္ဒာမိုးအား ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၉) နယ်မြေရဲစခန်း(ပ)၄၃/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂ ဖြင့် အမှုရေးဖွင့်၍ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။
ဖြစ်စဉ်မှ ပြစ်မှုကျုးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းကာ အခင်းဖြစ်ရပ် မှတ်တမ်းအထောက်အထားများရယူ၍ နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်းနှင့် တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်များကို အခြေခံ၍ စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူ တရားခံများဖြစ်ကြသည့် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာဝင်း အနီး ကျူးကျော်တဲနေ မျိုးမင်းထွန်း(၂၄)နှစ်(ဘ)ဦးတင်မောင်အား အောက်တိုဘာ ၁၀ ရက် မွန်းလွဲ ၁ နာရီတွင် ကျူးကျော်တဲ၌လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ဗိုလ်အောင်ဇေယျရပ်ကွက်နေ ကိုဖြိုး(ခ)ဖြိုးသက်ပိုင်(၂၃)နှစ်(ဘ)ဦးအောင်ကျော်အား အောက်တိုဘာ ၁၁ ရက် ည ၉ နာရီတွင် မန္တလေးမြို့၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ခင်ကြီးကျေးရွာနေ ငရဲ(ခ) ရဲလင်းဦး(ခ)ရဲရဲ(၂၀)နှစ်(ဘ)ဦးဇော်မင်းအေးအား အောက်တိုဘာ ၁၂ ရက် မွန်းလွဲ ၃ နာရီတွင် မကွေး- မန္တလေး ပြေးဆွဲသည့် ခရီးသည်တင်ယာဉ်ပေါ်၌လည်းကောင်း လုယက်ယူဆောင်ခဲ့သည့် သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ တရားခံများ၏ ထွက်ဆိုချက်အရ ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာဝင်းတွင် ဆေးသုတ်လုပ်ငန်းလုပ်ကိုင်သူ တရားခံ ကိုဖြိုး(ခ)ဖြိုးသက်ပိုင်သည် ၎င်း၏အလုပ်ရှင်ဖြစ်သူမှတစ်ဆင့် ခင်မင်ရင်းနှီးသူ ဒေါ်စန္ဒာမိုးမှာ သုခတော်ဝင်အိမ်ရာ၊ တိုက်အမှတ်(K-1)၊ အခန်း(၁၃)၌ တစ်ဦးတည်း နေထိုင်သူဖြစ်ကြောင်းသိရှိရပြီး ၎င်း၏ ကိုယ်ရေးကိုယ်တာအခက်အခဲများနှင့် ငွေကြေးဆိုင်ရာလိုအပ်ချက်များ ဖြေရှင်းနိုင်ရန်အတွက် ဒေါ်စန္ဒာမိုးအား သတ်ဖြတ်၍ ပစ္စည်းများလုယက်ယူဆောင်ရန် အောက်တိုဘာ ၅ ရက် ညနေပိုင်းတွင် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များဖြစ်ကြသည့် မျိုးမင်းထွန်းနှင့် ငရဲ(ခ)ရဲလင်းဦး (ခ)ရဲရဲ တို့နှင့် ကြိုတင်တိုင်ပင်ခဲ့ကြကြောင်း။
အခင်းဖြစ်ပွားသည့် အောက်တိုဘာ ၆ ရက်၌ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုရန်အတွက် အရိုးအသွား ၁၀ လက်မခန့်ရှိ ဝါးရိုးတပ် ဓားဦးချွန် နှစ်ချောင်းအား ချယ်ရီဈေးမှလည်းကောင်း၊ ရော်ဘာလက်အိတ် သုံးစုံအား သုခတော်ဝင်အိမ်ရာဝင်းအတွင်းရှိ ဆေးဆိုင်မှလည်းကောင်း ဝယ်ယူကာ ညနေ ၆ နာရီ ၃၀ မိနစ်တွင် ဒေါ်စန္ဒာမိုးနေထိုင်ရာ သုခတော်ဝင်အိမ်ရာ၊ တိုက်အမှတ်(K-1)၊ အခန်း (၁၃)သို့ သွားရောက်ခဲ့ပြီး ဒေါ်စန္ဒာမိုးနှင့် တွေ့ဆုံစကားပြောရာ ဒေါ်စန္ဒာမိုးက ၎င်းတို့သုံးဦး စားသုံးရန်အတွက် ဆန်များထည့်ပေးနေစဉ် မျိုးမင်းထွန်းနှင့် ကိုဖြိုး(ခ)ဖြိုးသက်ပိုင်တို့မှ ဒေါ်စန္ဒာမိုးအား နောက်မှ သိုင်းဖက်ချုပ်ကိုင်ပေးပြီး ငရဲ(ခ)ရဲလင်းဦး(ခ)ရဲရဲမှ အသင့်ယူဆောင်လာသောဓားဖြင့် လေးချက်ခန့် ထိုး၍ ဒေါ်စန္ဒာမိုးလဲကျသွားစဉ် ၎င်းဝတ်ဆင်ထားသည့် နားကပ် တစ်ရန်နှင့် နေအိမ်အတွင်းရှိ Samsung Galaxy A32 အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံး၊ ငွေကျပ် ၂၀,၀၀၀ တို့အား လုယက် ယူဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖြစ်စဉ်တွင် နေအိမ်အတွင်း ဝင်ရောက်ကာ အမျိုးသမီး တစ်ဦးအား သတ်ဖြတ်လုယက်မှု ကျူးလွန်ခဲ့သူ ငရဲ(ခ)ရဲလင်းဦး(ခ)ရဲရဲ၊ မျိုးမင်းထွန်းနှင့် ကိုဖြိုး(ခ)ဖြိုးသက်ပိုင်တို့ သုံးဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒုစရိုက်မှုကိုမလိုလားသည့် တာဝန်သိပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် အလားတူဒုစရိုက်မှုများ ကျူးလွန်နိုင်မှုမရှိစေရေး မိဘပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်တွင် မသင်္ကာဖွယ်ရာ လှုပ်ရှားသွားလာဆောင်ရွက်မှုများ တွေ့ရှိရပါက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များထံ အသိပေးသတင်းပေးပို့ တိုင်ကြားနိုင်ကြောင်းနှင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၌ နေအိမ်တိုက်ခန်းအတွင်း ဝင်ရောက်ကာ အမျိုးသမီး တစ်ဦးအား သတ်ဖြတ်၍ လုယက်မှုကျူးလွန်သူ တရားခံ အမျိုးသား သုံးဦးအား ဖော်ထုတ်ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။