မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း ပြည်သူလူထုအထိတ်တလန့်ဖြစ်စေရန် ဖောက်ခွဲတိုက်ခိုက်မှုများကျူးလွန်ခြင်း၊ ဓားပြမှု၊ လုယက်မှုနှင့် ဒုစရိုက်မှုများကျူးလွန်ခြင်းတို့ မဖြစ်ပေါ်စေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လှည့်ကင်းဆောင်ရွက်ခြင်း၊ ပိတ်ဆို့စစ်ဆေးရှာဖွေခြင်း၊ ရှောင်တခင်ဧည့်စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဖြစ်ပွားခဲ့သည့်ပြစ်မှုများမှ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး နေ့၊ ညမပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း လုယက်မှုများ အကြိမ်ကြိမ်ကျူးလွန်ခဲ့သူ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ကျူးကျော်တဲနေသူများဖြစ်ကြသည့် ဇော်လင်းအောင်(ခ)မဲကြီး(၃၆)နှစ် (ဘ)ဦးဇော်ဝင်းအား အောက်တိုဘာ ၁၉ ရက် နံနက် ၈ နာရီတွင် ၎င်း၏နေအိမ်၌လည်းကောင်း၊ ထွန်းတောက်လင်း(ခ)ဖက်တီး(၂၁)နှစ် (ဘ)ဦးဝင်းဆောင်အား နံနက် ၁၁ နာရီတွင် ပုသိမ်ကြီးမြို့နယ်၊ စည်သာယာရပ်ကွက်ရှိ ၎င်း၏အဒေါ်ဖြစ်သူနေအိမ်၌လည်းကောင်း၊ သိန်းဝင်းအောင်(ခ)စွေစောင်း(၁၉)နှစ် (ဘ)ဦးဇော်ဝင်းအား နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် ၎င်း၏နေအိမ်၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဇော်လင်းအောင်(ခ)မဲကြီးပါ သုံးဦးတို့အား စစ်ဆေးဖော်ထုတ်ချက်များအရ ဇော်လင်းအောင်(ခ)မဲကြီးနှင့် ထွန်းတောက်လင်း(ခ)ဖက်တီးတို့မှ ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း၌ စက်မှုဈေးတောင်ဘက်၊ (၂)လမ်းမြောက်တွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီး တစ်ဦး၊ ငွေတော်ကျီကုန်းဈေး၊ (၃)လမ်းမြောက်တွင် စက်ဘီးစီးနင်းလာသည့် အမျိုးသား တစ်ဦး၊ (၅၇)လမ်း၊ မနော်ဟရီလမ်းအကွေ့တွင် လမ်းလျှောက်လာသည့် အမျိုးသား တစ်ဦး၊ (၅၃)လမ်း၊ မနော်ဟရီလမ်းတောင်ဘက်၊ (၂)လမ်းမြောက်တွင် စက်ဘီးစီးနင်းလာသည့် အမျိုးသား တစ်ဦး၊ လမ်း(၆၀)၊ (၁၃၁)လမ်း၊ စက်မှုဈေးမြောက်ဘက်တွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား တစ်ဦး၊ (၅၈)လမ်း၊ (၁၀၆)လမ်းနှင့် (၁၀၇)လမ်းကြားတွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား တစ်ဦးနှင့် (၅၈)လမ်း၊ လမ်း(၃၀)နှင့် (၃၅)လမ်းကြားတွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား တစ်ဦးတို့ထံမှ လုယက်မှု ခုနစ်ကြိမ်၊ ဇူလိုင်လအတွင်း၌ (ဆ)ရပ်ကွက်၊ အေးမေတ္တာဈေး၊ (၅၁)လမ်းနှင့် (၁၂၉)လမ်းတွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီး တစ်ဦး၊ (၆၂)လမ်းနှင့် (၁၂၀)လမ်းတွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား တစ်ဦးနှင့် စက်မှုပန်းခြံအကျော် (၃)လမ်းမြောက်၊ စွယ်တော်ကားကွင်းသွားသည့်လမ်းတွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား တစ်ဦးတို့ထံမှ လုယက်မှု သုံးကြိမ်၊ ဩဂုတ်လအတွင်း၌ လမ်း(၃၀)နှင့် (၆၃)လမ်းတွင် လမ်းလျှောက်လာသည့် အမျိုးသမီး တစ်ဦးနှင့် (၁၀၇)လမ်း၊ (၅၅)လမ်းနှင့် (၅၆)လမ်းကြားတွင် လမ်းလျှောက်လာသည့် အမျိုးသမီး တစ်ဦးတို့ထံမှ လုယက်မှု နှစ်ကြိမ်၊ စက်တင်ဘာလအတွင်း၌ (၆၂)လမ်းနှင့် (၆၃)လမ်းကြား မနော်ရဟီလမ်းတွင် လမ်းလျှောက်လာသည့် အမျိုးသား တစ်ဦးထံမှ လုယက်မှု တစ်ကြိမ်၊ စုစုပေါင်း လုယက်မှု ၁၃ ကြိမ်အား ထွန်းတောက်လင်း(ခ)ဖက်တီးမှ ဆိုင်ကယ်မောင်းနှင်ပြီး ဇော်လင်းအောင်(ခ)မဲကြီးက နောက်မှထိုင်၍လိုက်ပါကာ လမ်းသွားလမ်းလာပြည်သူများထံမှ ဆွဲကြိုးဖြတ်လုယက်မှု ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း။
သိန်းဝင်းအောင်(ခ)စွေစောင်းနှင့် ထွန်းတောက်လင်း(ခ)ဖက်တီးတို့မှ ဩဂုတ်လအတွင်း၌ (၅၈)လမ်းနှင့် (၅၉)လမ်းကြား၊ (၁၃၂)လမ်းနှင့် (၁၃၃)လမ်းကြားတွင် လမ်းလျှောက်လာသည့် အမျိုးသမီး တစ်ဦးထံမှ လုယက်မှု တစ်ကြိမ်၊ စက်တင်ဘာလအတွင်း၌ (၅၈)လမ်းနှင့် (၅၉)လမ်းကြား၊ (၁၁၄)လမ်းနှင့် (၁၁၅)လမ်းကြားတွင် လမ်းလျှောက်လာသည့် အမျိုးသမီး တစ်ဦးနှင့် အောင်ပင်လယ်ရပ်ကွက်၊ လမ်းမမှတ်မိတွင် ရေသန့်ဝယ်ယူနေသည့် အမျိုးသမီး တစ်ဦးတို့ထံမှ လုယက်မှု နှစ်ကြိမ်၊ စုစုပေါင်း လုယက်မှု သုံးကြိမ်အား သိန်းဝင်းအောင်(ခ)စွေစောင်းက ဆိုင်ကယ်မောင်းနှင်ပြီး ထွန်းတောက်လင်း(ခ)ဖက်တီးမှ နောက်မှထိုင်၍လိုက်ပါကာ လမ်းသွားလမ်းလာပြည်သူများထံမှ ဆွဲကြိုးဖြတ်လုယက်မှု ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
စစ်ဆေးဖော်ထုတ်ချက်များအရ ဇော်လင်းအောင်(ခ)မဲကြီး၊ သိန်းဝင်းအောင်(ခ)စွေစောင်းနှင့် ထွန်းတောက်လင်း(ခ)ဖက်တီးတို့ သုံးဦးသည် မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း လမ်းသွားလမ်းလာ ပြည်သူများထံမှ စုစုပေါင်းလုယက်မှု ၁၆ ကြိမ် ကျူးလွန်ခဲ့ကြကြောင်းသိရှိရပြီး အဆိုပါလုယက်မှုများမှရရှိခဲ့သည့် သက်သေခံရွှေထည်ပစ္စည်းများအား ၎င်းတို့ထုခွဲရောင်းချခဲ့သည့် သက်ဆိုင်ရာနေရာအသီးသီးမှ သက်သေများနှင့်အတူ ရှာဖွေသိမ်းဆည်းခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ဖြစ်စဉ်များတွင် မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း လမ်းသွားလမ်းလာပြည်သူများအား ဆိုင်ကယ်ဖြင့်နောက်မှလိုက်၍ လုယက်မှုကျူးလွန်ခဲ့ကြသူ တရားခံ ဇော်လင်းအောင်(ခ)မဲကြီး၊ သိန်းဝင်းအောင်(ခ)စွေစောင်းနှင့် ထွန်းတောက်လင်း(ခ)ဖက်တီးတို့အား သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် အမှုများဖွင့်လှစ်ထားရှိပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းနှင့် မိဘပြည်သူများအနေဖြင့် ရပ်ရွာများအတွင်း အလားတူ ဒုစရိုက်မှုများမဖြစ်ပွားစေရေးနှင့် ဒုစရိုက်သမားများ၏ လှုပ်ရှားဆောင်ရွက်မှုသတင်းများအား တွေ့ရှိပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများထံသို့ သတင်းပေးပို့နိုင်ပါကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အသိပေးသတင်းထုတ်ပြန်ထားကြောင်း သတင်းရရှိပါသည်။
မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း သွားလာနေသည့် ပြည်သူများထံမှ ရွှေဆွဲကြိုးများ အကြိမ်ကြိမ်လုယက်မှုကျူးလွန်ခဲ့သူ တရားခံများ၏မှတ်တမ်းဓာတ်ပုံ။
ဝဲမှယာ တရားခံ သိန်းဝင်းအောင်(ခ)စွေစောင်း၊ ဇော်လင်းအောင်(ခ)မဲကြီး၊ ထွန်းတောက်လင်း(ခ)ဖက်တီးတို့ကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိမှုမှတ်တမ်းဓာတ်ပုံ။