၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက် နံနက် ၉ နာရီ ၄၀ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဦးဖိုးလှိုင်လမ်းရှိ ပိုင်ရှင် ဦးစိုးဟန်၏ ၁၄၀x၈၀ ပေ၊ Steel Structure တစ်ထပ် ဓာတ်မြေဩဇာသိုလှောင်ရုံတွင် ရေမော်တာနှင့် လုံခြုံရေးမီးအသုံးပြုရန် သွယ်တန်းထားသော ပလပ်ခုံအပူလွန်ကဲရာမှ မီးပွားထွက်ပြီး ဓာတ်မြေဩဇာအိတ်များသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၂၁ စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၁၂ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ဓာတ်မြေဩဇာအိတ် ၁၀၀ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး တာဝန်ခံ ဦးမျိုးမင်းသက်အား လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။