မြန်မာနိုင်ငံရဲတပ်ဖွဲ့က အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် နေပြည်တော်၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိရာ ညီလာခံပိတ်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၄ ရက်၊ ကြာသပတေးနေ့၊ ညနေ ၄ နာရီ ၁၅ မိနစ်မှ ၅ နာရီ ၅ မိနစ်အထိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၁ (MICC-1)၊ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ညီလာခံပိတ်ပွဲအခမ်းအနားသို့ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ရဲချုပ်များ၊ အဆင့်မြင့် ရဲအရာရှိကြီးများ၊ ၎င်းတို့၏ ဇနီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဆွေးနွေးဖက်နိုင်ငံနှင့် အဖွဲ့အစည်းများ (Dialogue Partners) ဖြစ်သည့် ရုရှား၊ သြစတြေးလျ၊ တရုတ်၊ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL) နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့မှ ကိုယ်စားလှယ်များ၊ လေ့လာဖက်နိုင်ငံနှင့် အဖွဲ့အစည်းများ (Observers) ဖြစ်သည့် တီမောလက်စ်တေ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) နှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့မှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ညီလာခံပိတ်ပွဲအခမ်းအနားတွင် (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ၏ ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခြင်း၊ အာဆီယံရဲအဖွဲ့အထိမ်းအမှတ် ကမ္ပည်းပြားကို (၄၃) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံအား အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ထိုင်းတော်ဝင်ရဲအဖွဲ့သို့ လွှဲပြောင်းပေးခြင်း၊ ထိုင်းတော်ဝင်ရဲအဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ဝမ်းမြောက် ကြိုဆိုကြောင်းပြောကြားခြင်းနှင့် ထိုင်းနိုင်ငံ၏ သဘာဝအလှတရားများကို ဖော်ကျူးထားသည့် ဗီဒီယိုအားပြသခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်က ညီလာခံအပိတ်မိန့်ခွန်းပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး ညပိုင်းတွင် နှုတ်ဆက်ဂုဏ်ပြုညစာစားပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၁ (MICC-1)၊ ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံအား နေပြည်တော်တွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်မှ ၂၄ ရက်အထိ အိမ်ရှင်အဖြစ် အောင်မြင်စွာလက်ခံကျင်းပခဲ့ခြင်းဖြစ်ပြီး ညီလာခံကျင်းပစဉ်ကာလအတွင်း အောက်တိုဘာ ၂၃ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အင်ဒိုနီးရှား နိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လာအိုနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ထိုင်းတော်ဝင်ရဲအဖွဲ့တို့အကြား Bilateral Call ဖြင့် နှစ်ဖက်သီးခြားတွေ့ဆုံ၍ ရဲတပ်ဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန် ဆွေးနွေးခြင်း၊ ချစ်ကြည်ရေး ဂေါက်သီးရိုက်အားကစားပြိုင်ပွဲများ ကျင်းပခြင်း၊ လက်ရှိအိမ်ရှင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ၂၀၂၅ ခုနှစ်တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ထိုင်းတော်ဝင်ရဲအဖွဲ့တို့အကြား ချစ်ကြည်ရေး ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပခြင်း၊ ဧည့်သည်တော်များ၏ ဇနီးများအတွက် နေပြည်တော်ပြည်ထောင်စုနယ်မြေရှိ အထင်ကရနေရာများသို့ လိုက်လံပို့ဆောင်သည့် အစီအစဉ်အဖြစ် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်လေ့လာခြင်း၊ မြန်မာ့ကျောက်မျက် ရတနာပြတိုက်၊ အမျိုးသားပြတိုက်တို့အား သွားရောက်လေ့လာခြင်း၊ သဘာဝပတ်ဝန်းကျင်ရှုခင်းများအား ကြည့်ရှုလေ့လာခြင်း၊ အောက်တိုဘာ ၂၄ ရက်တွင် နိုင်ငံတော်အကြီးအကဲထံသို့ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များ သွားရောက်ဂါရဝပြုခြင်း၊ ဒုတိယအကြိမ်စုံညီအစည်းအဝေးကျင်းပခြင်းနှင့် ညီလာခံပိတ်ပွဲအခမ်းအနားပြီးစီးချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် (၄၂) ကြိမ်မြောက်အာဆီယံရဲအဖွဲ့ ညီလာခံအား အိမ်ရှင်အဖြစ် အောင်မြင်စွာလက်ခံကျင်းပပြီးစီးခဲ့ကြောင်း အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံးမှ အမှုဆောင်ဒါရိုက်တာ (Executive Director) Mr. DAVID MARTINEZ VINLUAN နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး၊ ဌာနကြီးမှူး ယာယီရဲမှူးချုပ် ကျော်ဇေယျတို့က သတင်းထုတ်ပြန်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။