မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်၊ နယ်မြေ(၆)၊ အမှတ်(၉)လမ်း၌ ရိုဒိန်းလျန်နာ မောင်းနှင်ပြီး မောင်မောင်နိုင်ဝင်း(ခ)မောင်နိုင် လိုက်ပါ လာသည့် TOYOTA MARK II မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဆပ်ပြာခွက် ၂၀၀ ခွက်ဖြင့် ထည့်လျက် ဘိန်းဖြူ ၂ ကီလို ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ည ၈ နာရီ ၃၀ မိနစ်တွင် ဘိန်းဖြူများရောင်းချခိုင်းသူ မျိုးကိုဦးနှင့် မဆန်ချင်းတိလ်တို့ နှစ်ဦးအား ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်၊ နယ်မြေ(၁၀)၊ ဘုရင့်နောင်လမ်းဆုံတွင် ဆပ်ပြာခွက် ၆၆၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၆ ဒသမ ၆ ကီလို၊ TOYOTA MARK II မော်တော်ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၄,၃၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၈ ဒသမ ၆ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိဘိန်းဖြူများအား မန္တလေးမှ ဖိုးကျော်(ခ)ကျော်ကျော်(ခ)မော်သင်းနှင့် ဇနီး မခင်မိုးနွယ်(ခ)မိုးနွယ်တို့၏ အစီအမံဖြင့် မိတ္တူကူးစက် အဟောင်းများအတွင်း သိုဝှက်ပြီး ကလေးမြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်းနှင့် အမှုတွင် ဆက်စပ်ပါဝင်သူများနှင့် ၎င်းတို့ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် ဘိန်းဖြူများနှင့်အတူ တွေ့ရစဉ်။