Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ မိုင်းထောင်ဖောက်ခွဲရန် လာရောက်စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသား နှစ်ဦး သေဆုံးကာ တစ်ဦးအား လက်လုပ်မိုင်း တစ်လုံးနှင့်အတူ ဖမ်းဆီးရမိ

       အကြမ်းဖက်သမားများအနေဖြင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည်။
      ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက် နံနက် ၆ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၆၂)ရပ်ကွက်၊ ပတ္တမြားလမ်းရှိ အမှတ်(၃၀) အခြေခံပညာမူလတန်းကျောင်းအနီး၌ အမျိုးသား နှစ်ဦး မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် လဲကျနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၇၈)ရပ်ကွက်နေ ဖိုးလပြည့်(၂၉)နှစ်(ဘ)ဦးသက်တိုးနှင့် အမှတ်(၉၄)ရပ်ကွက်နေ ပိုင်မင်းထက်(၂၀)နှစ်(ဘ)ဦးတင်ဝင်းတို့ နှစ်ဦးအား မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် တွေ့ရှိရသဖြင့် ဆေးကုသပေးနိုင်ရေး အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင်-၁၀၀၀)သို့ ပို့ဆောင်၍ ထိန်းသိမ်းစစ်ဆေးခဲ့သည်။
     ထိုသို့စစ်ဆေးခဲ့ရာ ယင်းနေ့ နံနက် ၄ နာရီ ၃၀ မိနစ်တွင် ဖိုးလပြည့်၊ ပိုင်မင်းထက်နှင့် အောင်နိုင်ထွန်း(ခ)ကရင် တို့သည် ငွေစိုး(၄၀)နှစ် မောင်းနှင်သည့် Toyota Corolla အမျိုးအစား YGN/AA-XXXX နံပါတ်ပါ အဖြူရောင်အငှားယာဉ်ဖြင့် အမှတ်(၉၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား မိုင်းထောင်ဖောက်ခွဲရန် သွားရောက်စဉ် အဆိုပါရုံးအနီးအရောက်၌ ယာဉ်ပေါ်တွင် သယ်ဆောင်လာသည့် လက်လုပ်မိုင်းပေါက်ကွဲခဲ့မှုကြောင့် ဖိုးလပြည့်နှင့် ပိုင်မင်းထက်တို့ နှစ်ဦးတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး အောင်နိုင်ထွန်း(ခ)ကရင်မှာ ယာဉ်ပေါ်မှဆင်းပြေးသွားခဲ့ကာ ယာဉ်မောင်း ငွေစိုးမှ ဖိုးလပြည့်နှင့် ပိုင်မင်းထက်တို့ နှစ်ဦးအား တင်ဆောင်၍ ဆက်လက်မောင်းနှင်ကာ အမှတ်(၃၀) အခြေခံပညာမူလတန်းကျောင်းအနီးအရောက်၌ ယာဉ်ပေါ်မှချထားခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။ 
     ဖိုးလပြည့်နှင့် ပိုင်မင်းထက်တို့ နှစ်ဦး၏ ထွက်ဆိုချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယာဉ်မောင်း ငွေစိုးအား ဖမ်းဆီးရမိနိုင်ရေး ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ပြည်ထောင်စုလမ်းနှင့် မေဃဝတီလမ်းထောင့်အနီးတွင် ငွေစိုးအား ၎င်းမောင်းနှင်သည့် အဖြူရောင်အငှားယာဉ်နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် မော်တော်ယာဉ်အား အသေးစိတ်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်မှ သံပိုက်ဖြင့်ပြုလုပ်ထားသည့် လက်လုပ်မိုင်း တစ်လုံးအား တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ် ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။
      အထက်ပါဖြစ်စဉ်မှ ဖမ်းဆီးရမိသူ တရားခံ သုံးဦးအနက် ဖိုးလပြည့်နှင့် ပိုင်မင်းထက်တို့မှာ ဆေးကုသမှုခံယူနေစဉ် ရရှိထားသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး တရားခံ ငွေစိုးအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်လျက်ရှိသူ တရားခံ အောင်နိုင်ထွန်း(ခ)ကရင်အား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ မိုင်းထောင်ဖောက်ခွဲရန် လာရောက်စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသား နှစ်ဦး သေဆုံးကာ တစ်ဦးအား လက်လုပ်မိုင်း တစ်လုံးနှင့်အတူ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။