Language: Myanmar English

လက်နက်ကိုင်အကြမ်းဖက်သမားများက နိုင်ငံ့ဝန်ထမ်း တစ်ဦးအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

    တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းတစ်ဦးအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမာများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
    ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ မမဲကြီးကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရွှေတောင် မြို့နယ်၊ တရုတ်မှော်ကျေးရွာနေ ကျေးရွာစာရေး ဦးအေးမင်းနိုင်(၅၅)နှစ်သည် တရုတ်မှော်ကျေးရွာမှ ရင်းမူကုန်းကျေးရွာသို့ တရုတ်မှော်-ရင်းမူကုန်းသွား ကျေးရွာချင်းဆက်မြေနီလမ်းအတိုင်း ဆိုင်ကယ်ဖြင့် တစ်ဦးတည်းမောင်းနှင်လာစဉ် မမဲကြီးကျေးရွာအနီးအရောက် အသင့်စောင့်နေသည့် အကြမ်းဖက်သမား နှစ်ဦး (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    ထိုသို့ နိုင်ငံ့ဝန်ထမ်းတစ်ဦးအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။