အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေး ထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက် နံနက် ၁၀ နာရီ ၃၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့၊ သင်းတွဲရပ်ကွက်အနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ဒေါ်သိန်းမိုး(၄၀)နှစ်သည် တစ်ရပ်ကွက်တည်းနေ ဒေါ်စောကြူ(၄၂)နှစ်နှင့် သင်းတွဲရပ်ကွက်၏အနောက်ဘက် မီတာ ၅၀၀ ခန့် အကွာရှိ ယာခင်းသို့ နွားလှည်းဖြင့် ထွက်ခွာလာစဉ် ယာခင်းအနီးအရောက် လှည်းလမ်း၏ယာဘက်မှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ကထောင်ထားသည့် လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ဒေါ်စောကြူတွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဒေါ်သိန်းမိုးတွင် မိုင်းပေါက်ကွဲစ ထိမှန် ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ ညနေ ၆ နာရီ ၁၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရုံးရှေ့သို့ PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး (စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် မောင်းနှင်ရောက်ရှိလာပြီး လက်လုပ်ဗုံး တစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေး သွားခဲ့သဖြင့် ရုံးဝင်းအတွင်းသို့ လက်လုပ်ဗုံး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ရုံးဝင်းအတွင်း ရပ်ထားသည့် YGN-6E/XXXX Caldina မော်တော်ယာဉ်နှင့် MDY-12 2H/XXXX Pajero မော်တော်ယာဉ် တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ပျက်စီးခဲ့ပြီး ရုံးစောင့်ဖြစ်သူ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်နေ ဦးရဲလင်းစိုး(၂၉)နှစ်နှင့် မပြည့်ပြည့်အောင်(၈)နှစ်တို့တွင် ဗုံးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။