Language: Myanmar English

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံသင်တန်းကျောင်း၌ ကျောင်းအုပ်ဆရာမကြီးနှင့်အတူနေ ဆရာမ တစ်ဦးကို သတ်ဖြတ်လုယက်မှုကျူးလွန်သူ အမျိုးသား တစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

     ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂ ရက် နံနက် ၄ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ရွှေချီရပ်ကွက်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံသင်တန်းကျောင်းဝင်းအတွင်းရှိ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းရီ(၆၁)နှစ်(ဘ)ဦးညွန့်မောင်၏နေအိမ်၌ အဆိုပါကျောင်းတွင် တက်ရောက်နေသည့် ဒုတိယနှစ်ကျောင်းသားဖြစ်သူ မျိုးမင်းသူ(၁၉)နှစ်သည် နေအိမ်အတွင်းဝင်ရောက်၍ ဆရာမကြီး ဒေါ်ဝင်းရီနှင့်အတူနေ ကျောင်းဆရာမ ဒေါ်အွန်စော(၂၂)နှစ်(ဘ)ဦးကျော်စွာထွန်းတို့အား ဓားဖြင့် ထိုးခုတ်၍ နေအိမ်အတွင်းရှိ စိန်တစ်လုံးပါ တစ်မတ်သား လက်စွပ် တစ်ကွင်း၊ ကာလတန်ဖိုး ၂၄ သိန်းကျပ်ခန့်နှင့် ငွေကျပ် ၁၂ သိန်းခွဲတို့အား လုယက်ယူဆောင်ထွက်ပြေးသွားသဖြင့် ဆရာမကြီး ဒေါ်ဝင်းရီတွင် ဓားဒဏ်ရာများရရှိခဲ့ပြီး ဆရာမ ဒေါ်အွန်စောတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သဖြင့် ပျဉ်းမနားမြို့မရဲစခန်း(ပ)၃၅၇/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုရေးဖွင့်၍ ပြစ်မှု ကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။
     လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ခဲ့ရာ နိုဝင်ဘာ ၂ ရက် နံနက် ၁၀ နာရီ ၅ မိနစ်တွင် ပျဉ်းမနားမြို့နယ်၊ ဘောဂဝတီရပ်ကွက်၊ ဘောဂသီရိကားဝင်းရှိ နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာမည့် “နေကြယ်မင်း” ခရီးသည်တင်ယာဉ်ပေါ်မှ သတ်ဖြတ်လုယက်မှုကျူးလွန်သူ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဇေယျာဝတီမြို့၊ မြို့မ(၁)ရပ်ကွက်နေ တရားခံ မျိုးမင်းသူ(၁၉)နှစ်(ဘ)ဦးမြင့်နိုင်အား ပြစ်မှုကျူးလွန်ရာမှ လုယက်ယူဆောင်လာသည့် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ မျိုးမင်းသူအား စစ်ဆေးပေါ်ပေါက်ချက်အရ ၎င်းသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံသင်တန်းကျောင်း၌ ကျောင်းတက်နေသည့် ဒုတိယနှစ်ကျောင်းသား တစ်ဦးဖြစ်ပြီး  ငွေကြေးအခက်အခဲများရှိနေခြင်း၊ ကျောင်းအုပ်ဆရာမကြီးမှ စိုက်ကွင်းများတွင် သင်ခန်းစာလက်တွေ့ လုပ်ခိုင်းသည်ကို မကျေနပ်သဖြင့် သတ်ဖြတ်လုယက်ရန် နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းရီနှင့် ဆရာမ ဒေါ်အွန်စောတို့အား ဓားဖြင့်ထိုးခုတ်၍ နေအိမ်အတွင်းရှိ စိန် တစ်လုံးပါ တစ်မတ်သား လက်စွပ် တစ်ကွင်း၊ ကာလတန်ဖိုး ၂၄ သိန်းကျပ်ခန့်နှင့် ငွေကျပ် ၁၂ သိန်းခွဲ တို့အား လုယက်ယူဆောင်ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
    ဖြစ်စဉ်တွင် နေအိမ်အတွင်း ဝင်ရောက်၍ ကျောင်းဆရာမ နှစ်ဦးအား သတ်ဖြတ်လုယက်မှု ကျူးလွန်ခဲ့သူ မျိုးမင်းသူအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒုစရိုက်မှုကိုမလိုလားသည့် တာဝန်သိ ပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး တရားခံ မျိုးမင်းသူ အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ပျဉ်းမနားမြို့နယ်ရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံသင်တန်းကျောင်း၌ ကျောင်းအုပ်ဆရာမကြီးနှင့် အတူနေ ဆရာမ တစ်ဦးအား သတ်ဖြတ်လုယက်မှုကျူးလွန်သူ တရားခံအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။