တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန် လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၃ ရက် နံနက် ၅ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဘန့်ပြင်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးစည်သူအောင်(၃၄)နှစ်နှင့် ဦးစိုးသိန်း(၄၆)နှစ်တို့သည် ၎င်းတို့၏နေအိမ်အသီးသီး၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ခုနစ်ဦး (စိစစ်ဆဲ)က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ ဘန့်ပြင်ကျေးရွာ၏အနောက်ဘက် လေးမိုင်ခန့်အကွာအရောက်၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ထနောင်းကိုင်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမိုးနွယ်(၅၀)နှစ်နှင့် တစ်ရွာတည်းနေ ဦးကျော်ဦး(၄၄)နှစ်တို့သည် ၎င်းတို့၏နေအိမ်အသီးသီး၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မတ္တရာမြို့နယ်၊ သရက်ကန်ကျေးရွာအနီး၌ ဓားဖြင့် ထိုးခုတ်ခံရ၍ အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မတ္တရာမြို့နယ်၊ ဒင်္ဂါးဘောင်ကျေးရွာနေ ကိုဇော်ထက်အောင်(၃၁)နှစ်သည် မန္တလေးမြို့မှ ဒင်္ဂါးဘောင်ကျေးရွာသို့ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် ရွှေကျင်ကွက်သစ်ကျေးရွာအနီးအရောက် PDF အမည်ခံ အကြမ်းဖက်သမား ငါးဦး (စိစစ်ဆဲ)က ၎င်း၏ဆိုင်ကယ်အားတားဆီး၍ ဖမ်းဆီးခေါ်ဆောင်သွားကာ သရက်ကန်ကျေးရွာအနီးအရောက်၌ ဓားများဖြင့် ထိုးခုတ်ခဲ့သဖြင့် ကိုဇော်ထက်အောင်တွင် ဓားဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ နံနက် ၉ နာရီ ၄၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ရွှေပန်းတောကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဆင်ပေါင်ဝဲမြို့နယ်၊ ကျောက်မဲကျေးရွာနေ ဦးကျော်ကျော်(၄၂)နှစ်မောင်းနှင်ပြီး ၎င်း၏ညီ ကိုမင်းအောင်(၂၇)နှစ်နှင့် တစ်ရွာတည်းနေ မဇင်မာ(၂၇)နှစ် တို့လိုက်ပါသည့် ယာဉ်အမှတ် 2J/XXXX DYNA အမျိုးအစား အဖြူရောင်ယာဉ်သည် ငါးရန့်ချောင်းကျေးရွာမှ ကျောက်မဲကျေးရွာသို့ မောင်းနှင်ထွက်ခွာလာစဉ် ရွှေပန်းတောကျေးရွာအနီးအရောက် အသင့်စောင့်နေသည့် PDF အမည်ခံ အကြမ်းဖက်သမား လေးဦး (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးကျော်ကျော်နှင့် ကိုမင်းအောင်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မဇင်မာတွင် ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။
အလားတူ ညနေ ၄ နာရီ ၅ မိနစ်တွင် ရေနံချောင်းမြို့နယ်၊ လယ်ကျင်းရိုးကျေးရွာနေ ဦးနိုင်လင်းအောင်(ခ)စနေသား(၃၈)နှစ်သည် လယ်ကျင်းရိုးကျေးရွာမှ သူဌေးကုန်းရပ်ကွက်သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းထွက်ခွာလာစဉ် လယ်ကျင်းရိုးကျေးရွာနှင့် လေးတိုင်စင်ကျေးရွာကြား ကျေးလက်ဖွံ့ဖြိုးရေးလမ်းပေါ်အရောက် အသင့်စောင့်နေသည့် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူ တစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဘန့်ပြင်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍
အမျိုးသား နှစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ထနောင်းကိုင်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ သရက်ကန်ကျေးရွာအနီး၌ ဓားဖြင့် ထိုးခုတ်ခံရ၍ အမျိုးသား တစ်ဦး ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။