Language: Myanmar English

လက်နက်ကိုင်အကြမ်းဖက်သမားများက ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာအနီးရှိ ကိုးမိုင်တံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

     အစွန်းရောက်အကြမ်းဖက်သမားများသည် လမ်းပန်းဆက်သွယ်မှုများ ပြတ်တောက်စေရန် ရည်ရွယ်ချက်ဖြင့် အများပြည်သူ ဖြတ်သန်းသွားလာအသုံးပြုလျက်ရှိသည့် လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း စသည့်အဖျက်အမှောက်လုပ်ငန်းများအား လုပ်ဆောင်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက် နံနက် ၆ နာရီ ၃၀ တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာအနီး ရေး-ထားဝယ်ကားလမ်း မိုင်တိုင်အမှတ် ၁၀၇ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြားရှိ တံတားအမှတ်(၁/၁၀၈)၊ ကိုးမိုင်တံတားအား KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့ အင်အား(စိစစ်ဆဲ)က ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်စေရန် ရည်ရွယ်ချက်ဖြင့် မိုင်းထောင်ဖောက်ခွဲ၍ ဖျက်ဆီးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် မိုင်းပေါက်ကွဲမှုကြောင့် အလျား ၁၈၀ ပေ၊ အနံ ၃၄ ပေရှိ သံကူကွန်ကရစ်တံတား၏ မြောက်ဘက်ထိပ် ချဉ်းကပ်ကတ္တရာလမ်း အလျား ၁၅ ပေ၊ အနံ ၂၄ ပေခန့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ပြီး မော်တော်ယာဉ်များ သွားလာနိုင်ခြင်းမရှိဘဲ ဆိုင်ကယ်များသာ ဖြတ်သန်းသွားလာနိုင်ကြောင်း သိရသည်။
     အထက်ပါဖြစ်စဉ်မှ ပျက်စီးသွားသည့် တံတားချဉ်းကပ်ကတ္တရာလမ်းအား တာဝန်ရှိသူများက ပြန်လည်ပြုပြင်လျက်ရှိကြောင်းနှင့် အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် တံတားအား မိုင်းထောင်ဖောက်ခွဲ၍ ဖျက်ဆီးသွားခဲ့သူ အကြမ်းဖက်သမားများအား ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာအနီး၌ လက်နက်ကိုင်အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် သံကူကွန်ကရစ်တံတား ချဉ်းကပ်ကတ္တရာလမ်း ပျက်စီးမှုမှတ်တမ်းဓာတ်ပုံ။