Language: Myanmar English

တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေးလုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များအကြား တွေ့ဆုံဆွေးနွေး

        မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေးလုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံဆိုင်ရာ  နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များအကြား တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ပြုလုပ်သည်။
       တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများ၊ ကြီးကြပ်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များ တက်ရောက်ကြပြီး ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ ဆပ်ကော်မတီဥက္ကဋ္ဌ လုံခြုံ ရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများ၊ ဒုတိယဥက္ကဋ္ဌများ တက်ရောက်ကြသည်။
       တွေ့ဆုံဆွေးနွေးပွဲတွင် ကြီးကြပ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီက မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် လာပြီး Online မှတစ်ဆင့် လိမ်လည်မှုလုပ်ငန်းများတွင် လုပ်ကိုင်နေကြသော နိုင်ငံခြားသားများအား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ လူသားချင်းစာနာထောက်ထားမှုတို့အပေါ် အခြေခံ၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းနိုင်ရေး စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ တာဝန်ရှိအဖွဲ့အစည်းများ ပူးပေါင်းပြီး အဆိုပါလုပ်ငန်းများကို တားဆီးနှိမ်နင်းလျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်အထိ မြန်မာနိုင်ငံအတွင်း အခက်အခဲများ ကြုံတွေ့နေရသဖြင့် ရှာဖွေကူညီကယ်တင်ပေးခဲ့သည့် နိုင်ငံခြားသား စုစုပေါင်း ၁,၂၄၂ ဦးရှိပြီး ၎င်းတို့ကို လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာနိုင်ငံသို့ ပြည်နှင်လွှဲပြောင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
     ယင်းနောက် ကြီးကြပ်ရေးလုပ်ငန်းကော်မတီအဖွဲ့များနှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များအကြား နိုင်ငံခြားသားများအား ရှာဖွေကူညီကယ်တင်ခြင်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်နှင်လွှဲပြောင်းခြင်းတို့ကို ဆောင်ရွက်ရာတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများအား ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။