အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အစည်းအဝေး (၂၀၂၄) ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်ကျင်းပပြုလုပ်ခဲ့ပြီး ဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲအရာရှိကြီးများ၊ နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့များမှ ရဲတပ်ဖွဲ့မှူးများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အကြမ်းဖက်မှုလှိုင်းများ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ပထဝီနိုင်ငံရေးတို့အပေါ် သက်ရောက်မှု၊ နည်းပညာများ တိုးတက်လာမှုနှင့်အတူ အကြမ်းဖက်အုပ်စုများ၏ နည်းဗျူဟာများ ပြောင်းလဲလာမှု၊ ဒရုန်းများနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်များ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် AI နည်းပညာအသုံးဝင်မှု၊ အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါး၊ ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှုတို့အကြား အပြန်အလှန် ဆက်စပ်နေမှု၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး၏ အရေးပါမှု၊ နိုင်ငံအဆင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာမဟာဗျူဟာ ရေးဆွဲအကောင်အထည်ဖော်ရန် ပြင်ဆင်နေမှုတို့နှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့က ဆွေးနွေးပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အတွင်းရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ အကြမ်းဖက်အုပ်စုများက ကျူးလွန်ခဲ့သော အကြမ်းဖက်မှုကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး/ဒဏ်ရာရရှိမှုနှင့် နိုင်ငံတော်ပိုင်/ပုဂ္ဂလိကပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆောင်ရွက်စဉ် အကြမ်းဖက်သမားများက အသုံးပြုခဲ့သည့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိမှု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ခဲ့မှု၊ အကြမ်းဖက်အုပ်စုများနှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့များက ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ နိုင်ငံတကာသို့ သတင်းဖလှယ်ဆောင်ရွက်ခဲ့မှု၊ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးဆိုင်ရာ ရန်ပုံငွေရရှိသုံးစွဲမှု၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ဆုကြေးငွေ ထောက်ပံ့ပေးအပ်နိုင်မှုတို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး၊ ဌာနကြီးမှူး ရဲမှူးချုပ် ကျော်ဇေယျက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အကြမ်းဖက်သမား သို့မဟုတ် အကြမ်းဖက်အုပ်စုပိုင်ပစ္စည်းများနှင့် ရန်ပုံငွေများကို ထိန်းချုပ်ရန်အမိန့်ထုတ်ပြန်နိုင်ရေး၊ ငွေကြေးဝန်ဆောင်မှု၊ ငွေကြေးလွှဲပြောင်းမှုတို့ကို မည်သူမျှမပြုလုပ်ရန် တားမြစ်နိုင်ရေး ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ငန်းအဖွဲ့များ ပြန်လည်ပြင်ဆင်မှု၊ National Counter Terrorism Strategy ရေးဆွဲအကောင်အထည်ဖော်သွားရန် ပြင်ဆင်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၊ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌများ၊ လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များက မိမိတို့သက်ဆိုင်ရာ လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း၊ အကြံပြုတင်ပြခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အစည်းအဝေးတွင် မှတ်တမ်းတင်ခဲ့သည့် အချက်များ၊ အတည်ပြုပေးခဲ့သည့်အချက်များ၊ ခွင့်ပြုပေးခဲ့သည့်အချက်များကို သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၊ လုပ်ငန်းအဖွဲ့များက လုပ်ထုံးလုပ်နည်းနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်ရေး၊ အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါး၊ ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှုတို့အကြား ဆက်စပ်နေမှုကို အမြဲမပြတ် လေ့လာသုံးသပ်ပြီး အကြမ်းဖက်မှုများအား ခေတ်နှင့်အညီ တိုက်ဖျက်နိုင်ရေး၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍမြှင့်တင်ရေး၊ အကြမ်းဖက်မှုများ၏ ဖြစ်စဉ်အမှန်ကို နိုင်ငံတကာက သိရှိစေရန် ဆောင်ရွက်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ အစွန်းရောက်ဝါဒနှင့် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးရန်ပုံငွေကို လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျအသုံးပြုရေး၊ အကြမ်းဖက်မှုကျူးလွန်နိုင်ရန် ငွေကြေးထောက်ပံ့မှု၊ အကြမ်းဖက်အုပ်စုများနှင့် ဆက်နွှယ်နေသော ငွေကြေးစီးဆင်းမှုများကို စုံစမ်းထောက်လှမ်းဖော်ထုတ်ရေး၊ တားမြစ်ထိန်းချုပ်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။