Language: Myanmar English

မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်း လေးနိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့် ပူးပေါင်းကင်းလှည့်ရေးဆိုင်ရာ နှစ်ပတ်လည်အကျဉ်းချုပ်အစည်းအဝေး(၂၀၂၄) ကျင်းပပြုလုပ်

     မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့က အလှည့်ကျအိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်း လေးနိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့် ပူးပေါင်းကင်းလှည့်ရေးဆိုင်ရာ နှစ်ပတ်လည်အကျဉ်းချုပ်အစည်းအဝေး(၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Wyndham Grand Hotel၊ အင်းယား၊ အင်းလေးခန်းမ၌ ကျင်းပပြုလုပ်သည်။
     မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်း လေးနိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့် ပူးပေါင်းကင်းလှည့်ရေးဆိုင်ရာ နှစ်ပတ်လည်အကျဉ်းချုပ်အစည်းအဝေး(၂၀၂၄) ဖွင့်ပွဲအခမ်းအနားသို့ ရေကြောင်းရဲတပ်ဖွဲ့မှူး၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို့မှ အဆင့်မြင့်ကိုယ်စားလှယ်အရာရှိများ တက်ရောက်ခဲ့ကြသည်။ ဖွင့်ပွဲအခမ်းအနားတွင် ရေကြောင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် နေမိုးသက်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား၍ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
     ထို့နောက် မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို့မှ အဆင့်မြင့်ကိုယ်စားလှယ်အရာရှိများသည် နှစ်ပတ်လည်အကျဉ်းချုပ်အစည်းအဝေး(၂၀၂၄)(Multilateral Meeting) အား ဂျိုးဖြူခန်းမတွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် မဲခေါင်မြစ်ကြောင်းတစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ မဲခေါင်မြစ်ဝှမ်းဒေသနေ ပြည်သူများ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဖော်ဆောင်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး နေ့လယ်ပိုင်းတွင် အင်းယား၊ အင်းလေးခန်းမ၌ နှစ်နိုင်ငံအလုပ်သဘောအစည်းအဝေး (Bilateral Work Talks) များအဖြစ် မြန်မာ-တရုတ်၊ တရုတ်-လာအို၊ တရုတ်-ထိုင်း အစည်းအဝေးများ ဆက်လက်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။