Language: Myanmar English

ရန်ကုန်မြို့ပေါ်တွင် မူးယစ်ဆေးဝါးများဖြန့်ဖြူးရောင်းချသူ မြန်မာနိုင်ငံသား နှစ်ဦးနှင့် မလေးရှားနိုင်ငံသား တစ်ဦးတို့အား ငွေကျပ်သိန်း ၂,၇၈၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

     မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက် ည ၁၀ နာရီ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ (၈)ရပ်ကွက်၊ ဗိုလ်အောင်ကျော် လမ်းမပေါ်တွင် စိတ်ပြောင်းဆေးဝါးများ ဖြန့်ဖြူးရောင်းချကြောင်း သတင်းရရှိထားသူ လှဦး(ခ)လှမျိုးအား TOYOTA MARK X မော်တော်ယာဉ် တစ်စီးနှင့်အတူတွေ့ရှိ၍ ရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water ၂၃၈ ဒသမ ၅ ဂရမ်၊ ကက်တမင်း ၂၇ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ပြား တို့အား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ည ၁၁ နာရီ တာမွေမြို့နယ်၊ ဖိုးစိန်လမ်းမပေါ်တွင် မြတ်သူအား စိတ်ပြောင်းဆေးဝါး Happy  Water ၁၂၉ ဂရမ်နှင့်လည်းကောင်း၊ ၎င်းနေထိုင်သည့် ပုဇွန်တောင်မြို့နယ်၊ (၁၀)ရပ်ကွက်ရှိ နေအိမ်မှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy  Water  ၆ ဒသမ ၁၂၅ ကီလို၊ ကက်တမင်း ၉၅၀ ဂရမ်နှင့် အက်တက်စီဆေးပြား ၂၄၀ ပြားတို့အားလည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက် ည ၈ နာရီ ၃၀ မိနစ်တွင် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ (၆၁)ရပ်ကွက်တွင် ငှားရမ်းနေထိုင်သည့် မလေးရှားနိုင်ငံသား Mr. Lee Kok Sun အား စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း ၇၅ ဂရမ်၊ အက်တက်စီဆေးပြား ၄၅၀ ပြား၊ Happy-5 ဆေးပြား ၆၀၀ ပြား၊  အမှုန့်ကြိတ်စက် ၁ လုံး၊ အိတ်ပိတ်စက် ၁ လုံး၊ ထုပ်ပိုးခွံ ၅၀၀ လုံး၊ Happy Water ရောစပ်ရာတွင်အသုံးပြုသည့် စတော်ဘယ်ရီ အရသာမှုန့် ၈၀၀ ဂရမ်၊ လိမ္မော်အရသာမှုန့် ၇၀၀ ဂရမ်တို့နှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၂,၇၈၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water ၆ ဒသမ ၄၉၂၅ ကီလို၊ ကက်တမင်း ၁ ဒသမ ၀၅၂ ကီလို၊ အက်တက်စီဆေးပြား ၆၉၀ ပြား၊ စိတ်ကြွဆေးပြား ၄၀၀ ပြားနှင့် Happy-5 ဆေးပြား ၆၀၀ ပြား၊ အမှုန့်ကြိတ်စက် ၁ လုံး၊ အိတ်ပိတ်စက် ၁ လုံး၊ ထုပ်ပိုးခွံ ၅၀၀ လုံး၊ Happy Water ဖျော်စပ် ရာတွင် အသုံးပြုသည့် စတော်ဘယ်ရီ အရသာမှုန့်   ၈၀၀ ဂရမ်နှင့် လိမ္မော်အရသာမှုန့် ၇၀၀ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းတို့သည် စိတ်ပြောင်းဆေးဝါးများအား ရောစပ်၍ ရန်ကုန်မြို့ပေါ်ရှိ KTV/ BAR/ CLUB နှင့် စားသောက်ဆိုင်များတွင် လူငယ်များအား ဖြန့်ဖြူးရောင်းချခြင်း ဖြစ်ကြောင်း သိရှိရသဖြင့်  ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။ 

ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် စိတ်ပြောင်းဆေးဝါးများနှင့်အတူ တွေ့ရစဉ်။