အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့်တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက် နံနက် ၉ နာရီ ၂၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ သစ်ခေါက်တောင်ကျေးရွာနေ ဒေါ်ထွားပို(၆၄)နှစ်သည် ဒေါ်ဟန်မြင့် (၅၂)နှစ်နှင့် ဦးမြင့်(၆၃)နှစ်တို့နှင့်အတူ သစ်ခေါက်တောင်ကျေးရွာမှ ကန်ပြားကျေးရွာသို့ ဈေးဝယ်ရန် ဘေးတွဲဆိုင်ကယ်ဖြင့် သွားရောက်စဉ် သစ်ခေါက်တောင်ကျေးရွာ၏တောင်ဘက် တစ်မိုင်ခန့်အကွာရှိ သစ်ခေါက်တောင်ကျေးရွာနှင့် ပေါက်ကျင်းကျေးရွာကြားအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ဦးမြင့်တွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဒေါ်ထွားပိုနှင့် ဒေါ်ဟန်မြင့်တို့တွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး စလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ နံနက် ၉ နာရီ ၂၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတော(အလယ်)ရပ်ကွက်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်ရှိ “ပန်းလှိုင်မိသားစု” ဆေးခန်းအရှေ့ Generator မီးစက်အသေး နှစ်လုံး အနီးမှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် ချိန်ကိုက်မိုင်း နှစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ဆေးခန်းရှေ့၌ ရပ်တန့်ထားသည့် YGN/7L-XXXX Crown မော်တော်ယာဉ်၊ YGN-36/1E-XXXX Mark II မော်တော်ယာဉ်၊ YGN-36/7C-XXXX Honda Accord မော်တော်ယာဉ်၊ YGN-14/7G-XXXX Toyota Sallon မော်တော်ယာဉ်၊ YGN-36/2J-XXXX Toyota Crown မော်တော်ယာဉ်၊ YGN-36/9Q-XXXX Nissan Sunny မော်တော်ယာဉ်၊ မီးစက်အသေး နှစ်လုံးနှင့် ဆေးခန်းဆိုင်းဘုတ်တို့ မိုင်းပေါက်ကွဲစ ထိမှန်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။