Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ “ရွှေစင်အကယ်ဒမီ” ရွှေဆိုင်အား သေနတ်ပြခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းမျိုးစုံ ၃ ပိဿာ ၅၅ ကျပ်သားခန့် (တန်ဖိုးငွေကျပ်သိန်း ၃၀,၀၀၀ ခန့်)ကို လုယက်မှုကျူးလွန်သူ တရားခံအမျိုးသား နှစ်ဦးအား သက်သေခံရွှေထည်ပစ္စည်းများ၊ လက်နက်

     ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်၊ ၇၇ လမ်း၊  ၃၆ လမ်းနှင့် ၃၇ လမ်းကြားရှိ “ရွှေစင်အကယ်ဒမီ” ရွှေဆိုင်၌ ရွှေဆိုင်ပိုင်ရှင် ဒေါ်ဝင်းဝင်းအေး(၅၂)နှစ်သည် ဆိုင်ပိတ်ပြီး ဆိုင်အတွင်း အရောင်းဝန်ထမ်းများနှင့်အတူ ရှိနေစဉ် နံပါတ်မပါ Click အနက်ရောင်ဆိုင်ကယ် တစ်စီးဖြင့် Mask များ တပ်ဆင်ထားသည့် အမျိုးသား သုံးဦး(စိစစ်ဆဲ)က ရောက်ရှိလာပြီး တစ်ဦးမှာ ဆိုင်ပေါက်ဝတွင် စောင့်နေကာ ပစ္စတိုသေနတ်ကိုယ်စီ ကိုင်ဆောင်ထားသည့် အမျိုးသား နှစ်ဦးမှာ ဆိုင်အတွင်းသို့ ဝင်ရောက်၍ သေနတ်ပြ ခြိမ်းခြောက်ပြီး ကောင်တာဘေးစားပွဲပေါ်တွင်တင်ထားသော ရွှေထည် အတုံး/ဆွဲကြိုး/လက်ကောက် ထည့်ထားသည့် ပလတ်စတစ်ပုံး  သုံးပုံးအတွင်းမှ ရွှေထည်ပစ္စည်းမျိုးစုံ စုစုပေါင်းရွှေအလေးချိန် ၃ ပိဿာ ၅၅ ကျပ်သားခန့်(တန်ဖိုးငွေကျပ်သိန်း ၃၀,၀၀၀ ခန့်)အား လုယက်ယူဆောင်ထွက်ပြေးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး မဟာအောင်မြေမြို့မရဲစခန်း(ပ)၃၃၀/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုရေးဖွင့်စုံစမ်းဆောင်ရွက်ခဲ့သည်။ 
     လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိနိုင်ရေး အခင်းဖြစ်ရပ် မှတ်တမ်းများရယူခြင်း၊ နယ်မြေအတွင်းသတင်းရယူစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ “ရွှေစင်အကယ်ဒမီ” ရွှေဆိုင်အား လုယက်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် ဆိုင်ကယ် နှစ်စီးအနက် 36W/XXXX Honda CBR 150 အမျိုးအစားဆိုင်ကယ်အား ချမ်းအေးသာစံမြို့နယ်၊ “အလင်းရောင်” ဆိုင်ကယ်ပြုပြင်ရေးဆိုင်၌ အမျိုးသား တစ်ဦး(စိစစ်ဆဲ)မှ ပြန်လည်ရောင်းချပေးရန် လာရောက်အပ်နှံထားကြောင်းသိရှိရ၍ စောင့်ဆိုင်းဖမ်းဆီးခဲ့ရာ လုယက်မှုကျူးလွန်ခဲ့သည့် တရားခံ ပုသိမ်ကြီးမြို့နယ်၊ ဂွေ့ကြီးကုန်းကျေးရွာနေ ဖြိုးသက်အောင်(ခ)ဖြိုးလေး (၂၅)နှစ်(ဘ)ဦးတင်အောင်အား ဒီဇင်ဘာ ၂၃ ရက် ညနေ ၄ နာရီ ၂၀ မိနစ်တွင် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်ရှိ “K-Mandalay” လက်ဖက်ရည်ဆိုင်အနီး၌ ဖမ်းဆီးရမိခဲ့ပြီး လုယက်ကျူးလွန်ရာမှ ဝေစုအဖြစ်ရရှိခဲ့သည့် ရွှေထည်ပစ္စည်းများအား ၎င်းနေအိမ်၌ သိမ်းဆည်းထားကြောင်းထွက်ဆိုချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ရာ ၎င်း၏နေအိမ်ရှိ Air Cooler အတွင်းမှ သက်သေခံ ရွှေထည်ပစ္စည်းမျိုးစုံ ၆၂ ကျပ်သား၊ ၄ ပဲ၊ ၂ ရွေးအား သိမ်းဆည်းရမိခဲ့သည်။
   ဆက်လက်၍ ဖမ်းဆီးရမိတရားခံ ဖြိုးသက်အောင်(ခ)ဖြိုးလေး၏ ထွက်ဆိုချက်အရ လုယက်မှုကျူးလွန်ရာ၌ ပါဝင်သူ တရားခံ ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်နေ ဇင်မျိုးထိုက်(ခ)ဇင်မျိုး(၂၉)နှစ် (ဘ)ဦးဖဲမောင်အား ဒီဇင်ဘာ ၂၄ ရက် နံနက် ၂ နာရီ ၃၀ မိနစ်တွင် ၎င်း၏နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် SGG-47W/XXXX Honda Click ဆိုင်ကယ် တစ်စီး၊ နေအိမ် အပေါ်ထပ်ရှိ Air Con အပေါ်မှ လုယက်ကျူးလွန်ရာမှ ဝေစုအဖြစ်ရရှိခဲ့သည့် ရွှေထည်ပစ္စည်းမျိုးစုံ ၂၄ ကျပ်သားခန့်တို့အားလည်းကောင်း၊ ဒီဇင်ဘာ ၂၅ ရက် ည ၁၀ နာရီ ၃၀ မိနစ်တွင် ဖမ်းဆီးရန်ကျန် တရားခံ အောင်မျိုးသူ၏ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ နေအိမ်အား ဝင်ရောက်ရှာဖွေရာ တရားခံ အောင်မျိုးသူအား တွေ့ရှိရခြင်းမရှိဘဲ ၎င်းအသုံးပြုသော KYN-47B/XXXX Honda Fit ယာဉ်၏ လေထိုးစက် အံဝှက်ခန်းအတွင်းမှ လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် ရွှေထည်ပစ္စည်းမျိုးစုံ ၇၈ ကျပ် ၅ မူးသား အားလည်းကောင်း ထပ်မံသိမ်းဆည်းရမိခဲ့သည်။  
     ဖမ်းဆီးရမိတရားခံ ဖြိုးသက်အောင်(ခ)ဖြိုးလေးနှင့် ဇင်မျိုးထိုက်(ခ)ဇင်မျိုးတို့၏ ထွက်ဆိုချက်အရ ဒီဇင်ဘာ ၁၀ ရက်တွင် ၎င်းတို့နှင့် ခင်မင်ရင်းနှီးသူ မြဝတီမြို့နေ ဖမ်းဆီးရန်ကျန် တရားခံ အောင်မျိုးသူနှင့် ဝင်းမြတ်သူတို့ နှစ်ဦးမှာ မန္တလေးမြို့သို့ ရောက်ရှိနေကြောင်း သိရှိရသဖြင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံစဉ် အောင်မျိုးသူထံတွင် ပစ္စတိုသေနတ် နှစ်လက်ရှိကြောင်း၊ ၎င်းပစ္စတိုသေနတ်များအား အသုံးပြုကာ အောင်မျိုးသူမှ ခေါင်းဆောင်၍ ၎င်းတို့ လေးဦးသည် မဟာအောင်မြေမြို့နယ်၊  ဟေမမာလာမြောက်ရပ်ကွက်၊ ၇၇ လမ်း၊ ၃၆ လမ်းနှင့် ၃၇လမ်းကြားရှိ “ရွှေစင်အကယ်ဒမီ” ရွှေဆိုင်အား ဝင်ရောက်လုယက်ရန် တိုင်ပင်ခဲ့ကြကြောင်း၊ နောက်ရက်များတွင် “ရွှေစင်အကယ်ဒမီ” ရွှေဆိုင်အနီး ပတ်ဝန်းကျင်သို့ သွားရောက်ကာ တစ်ဦးချင်း အလှည့်ကျ ၇ ရက်ခန့် အခြေအနေစောင့်ကြည့်ခဲ့ကြပြီး ဒီဇင်ဘာ ၁၈ ရက် ညနေ ၅ နာရီတွင် ရွှေဆိုင်လုံခြုံရေးဝန်ထမ်းပြန်သွားပြီးနောက် ဖြိုးသက်အောင်(ခ)ဖြိုးလေး၊ ဝင်းမြတ်သူ၊ အောင်မျိုးသူတို့မှ CLICK ဆိုင်ကယ်ဖြင့်လည်းကောင်း၊ ဇင်မျိုးထိုက်(ခ)ဇင်မျိုးမှ CBR ဆိုင်ကယ်ဖြင့်လည်းကောင်း သွားရောက်ခဲ့ပြီး ဇင်မျိုးထိုက်(ခ)ဇင်မျိုးမှ ရွှေဆိုင်အနီး၌ CBR ဆိုင်ကယ်အား ကျယ်လောင်ဆူညံစွာ မောင်းနှင်၍ ပတ်ဝန်းကျင်အား အာရုံလွှဲထားပြီး အောင်မျိုးသူနှင့် ဝင်းမြတ်သူတို့မှ ပစ္စတိုသေနတ်များ ကိုယ်စီကိုင်ဆောင်၍ ဖြိုးသက်အောင်(ခ)ဖြိုးလေးနှင့်အတူ ရွှေဆိုင်အတွင်း ဝင်ရောက်ကာ ဆိုင်ဝန်ထမ်းများအား သေနတ်ပြ ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများအား လုယက်မှုကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း၊
     လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် ရွှေထည်ပစ္စည်းများအား ခေါင်းဆောင်ဖြစ်သူ အောင်မျိုးသူနှင့် ဝင်းမြတ်သူတို့မှ တစ်ပုံ၊ ဖြိုးသက်အောင်(ခ)ဖြိုးလေးနှင့် ဇင်မျိုးထိုက်(ခ)ဇင်မျိုးတို့မှ တစ်ပုံစီ အသီးသီး ခွဲဝေယူခဲ့ကြောင်း၊ ရွှေထည်ပစ္စည်းများအား ခွဲဝေရာတွင် ချိန်ခွင်ဖြင့် အတိအကျမခွဲဘဲ အရွယ်အစားအလိုက် ခန့်မှန်း၍ ဆွဲကြိုး၊ ခေါက်သီး၊ လက်ကောက်၊ လက်စွပ်၊ အကြီးအသေးတို့ကို အချိုးကျခွဲဝေယူခဲ့ကြခြင်းဖြစ်ကြောင်းနှင့် လုယက်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် ပစ္စတိုသေနတ် နှစ်လက်မှာ အောင်မျိုးသူမှ မြဝတီမြို့၌နေထိုင်စဉ် အမျိုးသား တစ်ဦး(စိစစ်ဆဲ)ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း  ဖော်ထုတ်သိရှိသည်။
   ဖြစ်စဉ်တွင် “ရွှေစင်အကယ်ဒမီ” ရွှေဆိုင်အား သေနတ်ပြခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများအား လုယက်မှုကျူးလွန်ခဲ့သည့် ဖမ်းဆီးရမိတရားခံ ဖြိုးသက်အောင်(ခ)ဖြိုးလေးနှင့် ဇင်မျိုးထိုက်(ခ)ဇင်မျိုး တို့အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရန်ကျန်တရားခံ အောင်မျိုးသူနှင့် ဝင်းမြတ်သူတို့အား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၌ “ရွှေစင်အကယ်ဒမီ” ရွှေဆိုင်အား
 သေနတ်ပြခြိမ်းခြောက်၍  ရွှေထည်ပစ္စည်းမျိုးစုံ ၃ ပိဿာ ၅၅ ကျပ်သားခန့် 
(တန်ဖိုးငွေကျပ်သိန်း ၃၀,၀၀၀ ခန့်)အား လုယက်မှုကျူးလွန်သူ တရားခံ အမျိုးသား 
နှစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။

ဖမ်းဆီးရန်ကျန်တရားခံ ဝင်းမြတ်သူနှင့် အောင်မျိုးသူ တို့၏
မှတ်တမ်းဓာတ်ပုံ။