Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၅)ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်းရှိ လူနေအဆောင် မီးလောင်မှု 

     ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၇ ရက် နံနက် ၄ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၅)ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်းရှိ ပိုင်ရှင် ဦးဇော်မင်း၏ ၂၀x၆၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ကွန်ကရစ်ခင်း နှစ်ထပ်လူနေအဆောင်တွင် လျှပ်စစ်ဒယ်နီအိုးတည်ထားရာမှ အပူလွန်ကဲပြီး အနီးရှိ အဝတ်အစားများသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့်  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၃၂ စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၁၉ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါမီးလောင်မှုကြောင့် ၂၀x၆၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ကွန်ကရစ်ခင်း နှစ်ထပ် လူနေအဆောင် နှစ်လုံး၊ ၄၀x၆၀ ပေ၊ သွပ်မိုး၊ အုပ်ညှပ်၊ ကွန်ကရစ်ခင်း တစ်ထပ်လူနေအိမ် တစ်လုံး၊ ၄၀x၆၀ ပေ၊ RC နှစ်ထပ်ခွဲနေအိမ်၏ ပထမအထပ်ရှိ အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး အဆောင်ငှားရမ်းနေထိုင်သူ အမျိုးသမီး တစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်းနှင့် အဆောင်ငှားရမ်းနေထိုင်သူ ဒေါ်မိုးမြင့်စံ(သေဆုံး)အား ရွှေပြည်သာမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။