၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၇ ရက် နေပြည်တော်ကောင်စီ၊ ပျဉ်းမနားမြို့နယ်၊ သဲကျွန်းကျေးရွာရှိ PNPT ကလေးအားကစားကွင်းအနီး ယာခင်းလူသွားလမ်းပေါ်တွင် အမျိုးသား တစ်ဦး(စိစစ်ဆဲ)မှာ ပါးစပ်အတွင်း ကျွန်းရွက်ခြောက်များဆို့သွင်းထားပြီး လက်နှစ်ဖက်နှင့်ခြေထောက်နှစ်ဖက်တို့အား အင်္ကျီ/ပလတ်စတစ်ကြိုးများဖြင့် ချည်နှောင်လျက် ဦးခေါင်းနောက်စေ့တွင် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ခန္ဓာကိုယ်၌ ပွန်းခြစ်ဒဏ် ရာများ၊ ဝဲဘက်နား သွေးထွက်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ရွာကောက်နယ်မြေရဲစခန်း(ပ)၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုရေးဖွင့် စုံစမ်းဆောင်ရွက်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အခင်းဖြစ်ရပ်မှတ်တမ်းများရယူခြင်း၊ နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ သေဆုံးသူမှာ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်း(၁)ရပ်ကွက်နေ ကျော်ဇင်မိုး(၃၄)နှစ်(ဘ)ဦးအောင်မြင့်ဖြစ်ကြောင်းနှင့် ၎င်းသည် ဇန်နဝါရီ ၆ ရက် ည ၈ နာရီ ၃၀ မိနစ်တွင် နေအိမ်မှ နှင်းဆီအဝိုင်းဘက်သို့ ၄၇ယ/XXXX နံပါတ်ပါ Scoppy အမျိုးအစားဆိုင်ကယ် တစ်စီးဖြင့် သွားရောက်ရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ Scoppy အမျိုးအစားဆိုင်ကယ် တစ်စီး၊ Infinix အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံး၊ ငွေကျပ် ၅၀,၀၀၀ ခန့်ပါ ပိုက်ဆံအိတ် တစ်လုံး၊ ယာဉ်မောင်း လိုင်စင် တစ်ခု၊ စမတ်ကတ်တို့နှင့်အတူ ပျောက်ဆုံးနေသူဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြစ်မှုကျူးလွန်သူတရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ နယ်မြေအတွင်း မိမိအမာခံသတင်းပေးများထံမှ ရရှိသောအချက်အလက်များနှင့် အခင်းဖြစ်ရပ် အထောက်အထားများအရ ဇန်နဝါရီ ၁၂ ရက် ညပိုင်းတွင် တရားခံ ပျဉ်းမနားမြို့နယ်၊ မြို့သစ်ရပ်ကွက်နေ ဝေဠုကျော်(၂၀)နှစ်(ဘ)ဦးမျိုးအောင်နှင့် သဲကျွန်းကျေးရွာနေ ကောင်းခန့်ဇော်(ခ)ဆင်ပေါက်(၁၆)နှစ်(ဘ)ဦးသိန်းလွင်တို့ နှစ်ဦးအား ၎င်းတို့၏နေအိမ်အသီးသီး၌ ဖမ်းဆီးရမိခဲ့ပြီး အခင်းဖြစ်စဉ်က လုယက်ယူဆောင်သွားခဲ့သည့် သက်သေခံ Scoppy အမျိုးအစားဆိုင်ကယ် တစ်စီးနှင့် Infinix အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဝေဠုကျော်နှင့် ကောင်းခန့်ဇော်(ခ)ဆင်ပေါက်တို့၏ ထွက်ဆိုချက်အရ ၎င်းတို့နှင့်အတူ ပြစ်မှုကျူးလွန်ရာ၌ပါဝင်သူ ဖမ်းဆီးရန်ကျန်တရားခံ ကျော်ဇင်ထက်(စိစစ်ဆဲ)တို့ သုံးဦးသည် PNPT ကလေးအားကစားကွင်းအနီး ယာခင်းလူသွားလမ်းပေါ်၌ ခင်မင်ရင်းနှီးသူ ကျော်ဇင်မိုးနှင့်တွေ့ဆုံစဉ် ငွေကြေးလိုအပ်ချက်အရ ကျော်ဇင်မိုးအား သတ်ဖြတ်ခဲ့ကြပြီး ၎င်း၏ Scoppy အမျိုးအစား ဆိုင်ကယ်နှင့် Infinix အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံး၊ ငွေကျပ် ၅၀,၀၀၀ ခန့်တို့အား လုယက်ယူဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
အထက်ပါဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ တရားခံ ဝေဠုကျော်နှင့် ကောင်းခန့်ဇော်(ခ)ဆင်ပေါက်တို့ နှစ်ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖမ်းဆီးရန်ကျန် တရားခံ ကျော်ဇင်ထက်အား ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ပျဉ်းမနားမြို့နယ်၌ အမျိုးသား တစ်ဦးအား သတ်ဖြတ်ပြီး လုယက်မှုကျူးလွန်သူ တရားခံ
အမျိုးသား နှစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။