၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်က ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပင်လုံ-ကျောက်တန်းကားလမ်း၊ မိုင်တိုင်အမှတ် ၂၇/၁ အနီးတွင် မန္တလေးမှ တန့်ယန်းသို့ ယာဉ်မောင်း ဦးမောင်မောင်အေး မောင်းနှင်လာသော ယာဉ်အမှတ် BGO-11/ 6L-XXXX HIGER အမျိုးအစား (လိမ္မော်ရောင်) “ပြည်ငြိမ်းဆန်း” ခရီးသည်တင်ယာဉ်သည် မောင်းနှင်နေစဉ် ဘရိတ်ပေါက်၍ လမ်း၏ဝဲဘက်ခြမ်းရှိ ပြောင်းခင်းထဲသို့ တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပင်လုံနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီး သတ်ယာဉ် တစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ပြီးစီးခဲ့ပါသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် HIGER အမျိုးအစား ခရီးသည်တင်ယာဉ်ပေါ်ပါ ယာဉ်မောင်း အပါအဝင် အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၂၃ ဦးအနက် အမျိုးသား ၇ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ပင်လုံဆေးရုံနှင့် လွိုင်လင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ယာဉ်မောင်း ဦးမောင်မောင်အေးအား ပင်လုံနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။