Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၌ ထော်လာဂျီယာဉ်ပေါ်မှ ပြုတ်ကျ၍ အမျိုးသား တစ်ဦး သေဆုံး

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၌ ထော်လာဂျီယာဉ်ပေါ်မှ ပြုတ်ကျ၍ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ ခရမ်း-ရေကျော်သွားကားလမ်း၌ ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၅၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလမ်းအတိုင်း အနောက်မှအရှေ့သို့ ခရမ်းမြို့နယ်၊ ထရန်ကန်ကျေးရွာနေ စိုင်းမင်းသူ(၃၄)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ဦးသောင်းဌေး(၄၅)နှစ် လိုက်ပါလာသည့် ထော်လာဂျီယာဉ်သည် မြို့လှကုန်းလမ်းဆုံ အကျော်အရောက်၌ Slow Down အား အရှိန်ဖြင့်ဖြတ်ကျော်စဉ် ဦးသောင်းဌေးမှာ ယာဉ်ပေါ်မှပြုတ်ကျကာ ဒဏ်ရာများရရှိခဲ့၍ ခရမ်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူနေစဉ် ရရှိထားသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့၍ စိုင်းမင်းသူအား ခရမ်းမြို့မရဲစခန်း ယာဉ်(ပ)၁/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။