Language: Myanmar English

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၉၆၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲ ၃ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ မြို့ရှောင်လမ်းတွင် ဇော်ထိုက်(ခ)ကပြား မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ရှေ့ခြင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပြီး မွန်းလွဲ ၃ နာရီ ၃၀ မိနစ်၌  တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်ရှိ ၎င်း၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ပြား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား (တစ်ပြားလျှင် ၄၀၀ ကျပ် နှုန်းဖြင့် ဒေသကာလတန်ဖိုး သိန်း ၄၀) ထပ်မံသိမ်းဆည်းရမိခဲ့ပါသည်။
     အလားတူ ဖေဖော်ဝါရီ ၉ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၂)၊ မြို့ပတ်လမ်းရှိ မျိုးအောင်(ခ)သားငယ်(ခ)ရှမ်းကုလား၏ နေအိမ်ကို သတင်းအရ ဝင်ရောက်ရှာဖွေရာ နေအိမ်တဲ၏ ယာဘက်ဘေးရှိ မြေကြီးအတွင်းမြှုပ်နှံထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၃၀,၀၀၀ ပြား (တစ်ပြားလျှင် ၄၀၀ ကျပ်နှုန်းဖြင့် ဒေသကာလတန်ဖိုး ၉၂၀ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် ဇော်ထိုက်(ခ)ကပြား(၃၀)နှစ်၊ မျိုးအောင်(ခ)သားငယ်(ခ)ရှမ်းကုလား(၄၅)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။