၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်က ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၌ တရားမဝင်သစ်စက်လုပ်ကိုင်သူ အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ကြို့ပင်ကောက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကံကြီးကျေးရွာနေ ရန်ကြီးအောင်(၅၀)နှစ်၏ နေအိမ်အား သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်ခြံဝင်းအတွင်း ရန်ကြီးအောင်၊ တစ်ရွာတည်းနေ သန့်ဇင်ထွန်း(ခ)မိုးဒီ(၂၅)နှစ်နှင့် ရွာမမြောက်ရပ်ကွက်နေ ဝင်းအောင်(၄၉)နှစ်တို့ သုံးဦးအား ကျွန်းသစ် သုံးလုံး၊ ကျွန်းသစ်ခွဲခြမ်း နှစ်ခြမ်း၊ ကျွန်းသစ်ခွဲသား ၅၄ ချောင်း၊ ကျွန်းသစ် စုစုပေါင်း ၂.၀၁၀၆ တန်၊ တရားမဝင်သစ်ခွဲစက်အဖြစ် လုပ်ကိုင်နေသည့် လွှဝိုင်းစက် တစ်ခုံနှင့် မြင်းကောင်ရေ ၂၅ ကောင် ဒီဇယ်အင်ဂျင် တစ်လုံးတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ရန်ကြီးအောင်ပါ သုံးဦးအား ကြို့ပင်ကောက်မြို့မရဲစခန်း (ပ)၁၇/၂၀၂၄၊ သစ်တောဥပဒေပုဒ်မ ၄၃(က)/၄၂(ခ) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
တရားမဝင်သစ်စက်လုပ်ကိုင်သူ အမျိုးသား သုံးဦးအား လွှဝိုင်းစက် တစ်ခုံ၊ ကျွန်းသစ်များနှင့်အတူ
ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။