Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဓားကိုင်ဆောင်သူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူ

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဓားကိုင်ဆောင်သူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မြစ်ငယ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက လှည့်ကင်းဆောင်ရွက်နေစဉ် အမရပူရမြို့နယ်၊ ဓနုံးကျေးရွာ၊ ရွှေရပ်တော်ဘုရားအနီး၌ စာတိုးကျေးရွာနေ အောင်တိုးတက်(ခ) အငယ်ကောင်(၂၈)နှစ်အား အရိုး/အသွား ၉ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းဖြင့်လည်းကောင်း၊ အလားတူ နံနက် ၉ နာရီ ၄၅ မိနစ်တွင် အမရပူရမြို့နယ်၊ မြို့ပြင်ကြီးကျေးရွာနေ ဖိုးထူး(၃၃)နှစ်အား အရိုး/အသွား ၂၆ လက်မခန့်ရှိ ဓားရှည် တစ်ချောင်းဖြင့်လည်းကောင်း အသီးသီး တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အောင်တိုးတက်(ခ)အငယ်ကောင်နှင့် ဖိုးထူးတို့နှစ်ဦးအား မြစ်ငယ်နယ်မြေရဲစခန်း၌ လက်နက်ဥပဒေ ပုဒ်မ ၂၃(က)ဖြင့် အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဓားကိုင်ဆောင်သူ အမျိုးသား နှစ်ဦးအား 
သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။