Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်ပွား၍ ၃ ဦး သေဆုံး ၁၀ ဦးဒဏ်ရာရ

    ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်က ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၄ ဦး၊ အမျိုးသမီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၂၀ မိုင် ၁ ဖာလုံအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဗောဓိကုန်းရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ မန္တလေးမှ ရန်ကုန်သို့ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ပေါင်းပင်ဇင်းရပ်ကွက်နေ စိုးထက်လင်း(၃၁)နှစ်မောင်းနှင်ပြီး ယာဉ်ပေါ်၌ ခရီးသည် ၁၃ ဦး လိုက်ပါစီးနင်းလာသည့် Express ခရီးသည်တင်မော်တော်ယာဉ်သည် အနှေးယာဉ်ကြောမှမောင်းနှင်လာစဉ် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ကံကလေးကျေးရွာနေ ဦးကျော်(၄၈)နှစ်မောင်းနှင်ပြီး အမျိုးသား ၅ ဦး၊ အမျိုးသမီး ၇ ဦး လိုက်ပါလာသည့် ဘေးတွဲဆိုင်ကယ်မှ လမ်း၏အရှေ့ဘက်မှ အနောက်ဘက်ခြမ်းသို့ ဖြတ်ကူး မောင်းနှင်စဉ် ဝင်ရောက်တိုက်မိခဲ့သဖြင့်  ဦးကျော်နှင့်အတူ ဘေးတွဲဆိုင်ကယ်တွင် လိုက်ပါလာသည့်  ဒေါ်စီ(၆၅)နှစ်၊ မောင်ဖိုးသောကြာ(၁၆)နှစ်တို့ ၃ ဦးမှာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဒေါ်မာမာစိုး (၅၅)နှစ်နှင့် မောင်ဝေယံဖြိုး(၈)နှစ်ပါ ကလေး ၉ ဦး (အမျိုးသား ၄ ဦး၊ အမျိုးသမီး ၅ ဦး) တို့တွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သောကြောင့် ဦးကျော်အား ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်းယာဉ်(ပ)၁/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊  ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်ပွား၍ ၃  ဦး သေဆုံး ၁၀ ဦး ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။