Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ မော်တော်ယာဉ် တစ်စီး အရှိန်မထိန်းနိုင်ဘဲ အမျိုးသမီး တစ်ဦးအား ဝင်ရောက်တိုက်မိပြီး မော်တော်ယာဉ် သုံးစီးအား ထပ်မံဆင့်တိုက်မှုဖြစ်ပွား

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ မော်တော်ယာဉ် တစ်စီး အရှိန်မထိန်းနိုင်ဘဲ အမျိုးသမီး တစ်ဦးအား ဝင်ရောက်တိုက်မိပြီး မော်တော်ယာဉ် သုံးစီးအား ထပ်မံဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ်၊ စဉ့်ငူရပ်ကွက်၌ အောက်မင်္ဂလာဒုံလမ်းအတိုင်း မြောက်မှ တောင်သို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ အောင်သူဟိန်း(၂၇)နှစ် မောင်းနှင်လာသော YGN-6 1D-XXXX HONG YAN TRACTOR HEAD တွဲယာဉ်သည် “ကောင်း” ပုဂ္ဂလိကဆေးရုံအနီးအရောက် အရှိန်မထိန်းနိုင်ဘဲ ယာဘက်လမ်းဘေးတွင်ရပ်နေသည့် ဖော့ကန်ရပ်ကွက်နေ မဇူးဇူးဇင်(၁၈)နှစ်အား ဝင်ရောက်တိုက်မိပြီး ထပ်မံ၍ လမ်းဘေးတွင်ရပ်တန့်ထားသည့် YGN-8 4G-XXXX TOYOTA GRANVIA မော်တော်ယာဉ်၊ BGO-11 3R-xxxx HYUNDAI မော်တော်ယာဉ်နှင့် YGN-8 DD-XXXX TOYOTA CALDINA မော်တော်ယာဉ် သုံးစီးတို့အား ဆင့်တိုက်မိခဲ့ကြောင်း၊ ယာဉ်တိုက်မှုကြောင့် မဇူးဇူးဇင်တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး မော်တော်ယာဉ် လေးစီးမှာ အသီးသီးပျက်စီးခဲ့သဖြင့် အောင်သူဟိန်းအား အင်းစိန်မြို့မရဲစခန်း ယာဉ် (ပ)၁၀/၂၀၂၅၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ မော်တော်ယာဉ်  တစ်စီး
အရှိန်မထိန်းနိုင်ဘဲ အမျိုးသမီး တစ်ဦးအား ဝင်ရောက်တိုက်မိပြီး မော်တော်ယာဉ် သုံးစီးအား
ထပ်မံဆင့်တိုက်ဖြစ်ပွားမှု မှတ်တမ်းဓာတ်ပုံ။