ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားသောကာလဖြစ်သည့် ၂၀၂၂ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံ အတွင်း အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲများကြုံတွေ့နေသော နိုင်ငံခြားသားများကို ကူညီစုံစမ်း ရှာဖွေကယ်တင်ပေးနိုင်ပါရန် သက်ဆိုင်ရာနိုင်ငံအသီးသီးက သံတမန်လမ်းကြောင်း၊ အင်တာပိုလ်ရဲ ဆက်သွယ်ရေးလမ်းကြောင်းနှင့် ရဲဆက်ဆံရေးအရာရှိ လမ်းကြောင်းတို့မှတစ်ဆင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ အကြောင်းကြားစာများ ပေးပို့လာခဲ့ပါသည်။
၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်အထိ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အပါအဝင် အာရှ၊ ဥရောပ၊ တရုတ်နိုင်ငံနှင့် တောင်အာဖရိကဒေသရှိ နိုင်ငံပေါင်း ၃၈ နိုင်ငံမှ ကူညီစုံစမ်းရှာဖွေ ကယ်တင်ပေးနိုင်ပါရန် မေတ္တာရပ်ခံလာသူ ၄၆၆၆ ဦး (အမျိုးသား ၃၈၆၇ ဦး၊ အမျိုးသမီး ၇၉၉ ဦး) ရှိပြီး ၎င်းတို့ရောက်ရှိနေသည့် နယ်စပ်ဒေသအချို့သည် တိုင်းရင်းသားလက်နက်ကိုင်များ အခြေပြုနေထိုင်သည့် နယ်မြေများဖြစ်သဖြင့် ၎င်းတို့အား ကူညီစုံစမ်းရှာဖွေကယ်တင်ပေးနိုင်ရေး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များနှင့် ညှိနှိုင်း၍ စုံစမ်းဖော်ထုတ်ခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း၍ စုံစမ်းရှာဖွေခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်အထိ ရှာဖွေကယ်တင်နိုင်ခဲ့သူ ၁၃၉၉ ဦး (အမျိုးသား ၁၀၄၉ ဦး ၊ အမျိုးသမီး ၃၅၀ ဦး) အနက်မှ ၁၃၂၇ ဦး (အမျိုးသား ၉၈၅ ဦး၊ အမျိုးသမီး ၃၄၂ ဦး) ကို သက်ဆိုင်ရာနိုင်ငံများသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး လွှဲပြောင်းပေးရန်ကျန်ရှိသူ ၇၂ ဦး (အမျိုးသား ၆၄ ဦး ၊ အမျိုးသမီး ၈ ဦး) ကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ ရှာဖွေကယ်တင်ပေးရန်ကျန်ရှိသူ ၃၂၆၇ ဦး (အမျိုးသား ၂၈၁၈ ဦး၊ အမျိုးသမီး ၄၄၉ ဦး) ကို အမြန်ဆုံး ကူညီကယ်တင်နိုင်ရေးအတွက် သက်ဆိုင်ရာနယ်မြေ အလိုက် စဉ်ဆက်မပြတ် စုံစမ်းရှာဖွေလျက်ရှိပြီး ထူးခြားမှုရှိပါက သက်ဆိုင်ရာသံရုံးနှင့် နိုင်ငံများသို့ အချိန်နှင့် တစ်ပြေးညီ သတင်းဖလှယ် အသိပေးသွားမည်ဖြစ်ပါသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေ များအတွင်း အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ ကျူးလွန်စေရန် ငွေကြေးဖြင့် မက်လုံးပေးစည်းရုံးမှုများကြောင့် အဓမ္မလူကုန်ကူးခြင်းခံထားရသည့် တရုတ်နိုင်ငံသား ၃၉ ဦး၊ ကာဇက်စတန်နိုင်ငံသား ၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၅ ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၁ ဦး၊ ပါကစ္စတန် နိုင်ငံသား ၁ ဦး၊ မလေးရှားနိုင်ငံသား ၁ ဦး၊ အိန္ဒိယနိုင်ငံသား ၁၃ ဦး၊ စုစုပေါင်း ၆၁ ဦး တို့အား ရှာဖွေ တွေ့ရှိသဖြင့် လိုအပ်သောစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့်အညီ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် မြန်မာ-ထိုင်း၊ အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။ လွှဲပြောင်းပေးခဲ့သည့် အဆိုပါနိုင်ငံခြားသား ၆၁ ဦးတွင် သက်ဆိုင်ရာနိုင်ငံများက ကူညီစုံစမ်းရှာဖွေကယ်တင်ပေးနိုင်ပါရန် မေတ္တာရပ်ခံအကြောင်းကြားထားသော အိန္ဒိယနိုင်ငံသား ၁၂ ဦး (အမျိုးသား ၉ ဦး ၊ အမျိုးသမီး ၃ ဦး)၊ အင်ဒိုနီးရှားနိုင်ငံသား ၄ ဦး (အမျိုးသား ၂ ဦး ၊ အမျိုးသမီး ၂ ဦး )၊ တရုတ်နိုင်ငံသား ၅ ဦး (အမျိုးသား ၄ ဦး ၊ အမျိုးသမီး ၁ ဦး)၊ စုစုပေါင်း ၂၁ ဦး (အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၆ ဦး) ပါဝင်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ရန်ကုန်မြို့ရှိ သက်ဆိုင်ရာ နိုင်ငံသံရုံးများသို့လည်း အသိပေးအကြောင်းကြားထားပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်း လောင်းကစားမှု (Online Gambling) လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက်သူများအားလုံးကို အိမ်နီးချင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာရဲတပ်ဖွဲ့များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်ခြင်း၊ ဥပဒေနှင့်အညီ အရေးယူခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြန်မာ နိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲကြုံတွေ့နေသည့် နိုင်ငံခြားသားများအား ကူညီကယ်တင်၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်လက်စုံစမ်းရှာဖွေလျက်ရှိကြောင်း သတင်းရရှိပါသည်။
နိုင်ငံခြားသား ၆၁ ဦးကို ပြည်နှင်လွှဲပြောင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ။