၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းမြို့နယ်၊ မိုင်းပျဉ်းမြို့နယ်တို့၌ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့က ဘိန်းခင်းဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဖျက်ဆီးရာတွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွန်ဟိန်းမြို့နယ်၊ လွယ်ဆိုင်ကျေးရွာအရှေ့မြောက်ဘက် ၂ ဖာလုံခန့်အကွာ၌ အမြင့် နှစ်ပေခွဲခန့်ရှိ ဘိန်းခင်း ရှစ်ဧကခန့်အားလည်းကောင်း၊ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆီဆိုင်မြို့နယ်၊ ပုံဆွေပင်ကျေးရွာအနောက်ဘက် ၂ ဖာလုံခန့်အကွာ၌ အမြင့် နှစ်ပေခန့်ရှိ ဘိန်းခင်း ငါးဧကခန့်နှင့် ကုန်းလောကျေးရွာအရှေ့ဘက် ၂ ဖာလုံခန့်အကွာ၌ အမြင့် နှစ်ပေခန့်ရှိ ဘိန်းခင်း ခြောက်ဧကခန့်အားလည်းကောင်း ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အလားတူ နံနက် ၉ နာရီ ၃၅ မိနစ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းမြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် မက်မန်းမြို့နယ်၊ ငှက်ယောင်းကျေးရွာမြောက်ဘက် ၆ ဖာလုံခန့်အကွာ၌ အမြင့် နှစ်ပေခန့်ရှိ ဘိန်းခင်း တစ်ဧကခန့်အားလည်းကောင်း၊ နံနက် ၉ နာရီ ၄၅ မိနစ်တွင် မိုင်းပျဉ်းမြို့နယ်၊ တုံတာနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းပျဉ်းမြို့နယ်၊ (၁၁)မိုင်ကျေးရွာ၏ အနောက်ဘက် ၃ မိုင်ခန့်အကွာ၌ အမြင့် နှစ်ပေခန့်ရှိ ဘိန်းခင်း သုံးဧကခန့်အားလည်းကောင်း အသီးသီးဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ မက်မန်းမြို့နယ်နှင့် မိုင်းပျဉ်းမြို့နယ်တို့၌
ဘိန်းခင်းဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့မှု မှတ်တမ်းဓာတ်ပုံ။