မြန်မာ-ထိုင်း-တရုတ် သုံးနိုင်ငံမှ ကိုယ်စားလှယ်များသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌တွေ့ဆုံပြီး အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်း များတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများ အမြန်ဆုံးလွှဲပြောင်းလက်ခံနိုင်ရေး ဆွေးနွေး ညှိနှိုင်းကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ် တင်ကိုကို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ပြည်နယ် ဒုတိယပြည်နယ် အုပ်ချုပ်ရေးမှူး Mr.Narongchai Jindaphan ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက် ကြသည်။
တွေ့ဆုံစဉ် မြန်မာ-ထိုင်း-တရုတ် သုံးနိုင်ငံပူးပေါင်း၍ အွန်လိုင်းလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်ရေး၊ မူရင်းနိုင်ငံ၊ ဖြတ်သန်းနိုင်ငံနှင့် ဆိုက်ရောက်နိုင်ငံတို့အကြား လွှဲပြောင်းလက်ခံရေး လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ အဆိုပါနိုင်ငံများအကြား Task Force ဖွဲ့စည်းပြီး Action Plan ရေးဆွဲ၍ ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများ၊ တတိယနိုင်ငံသား များအား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးလွှဲပြောင်းနိုင်ရေး ညှိနှိုင်းဆောင်ရွက် သွားမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။