၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက် ည ၁၀ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာအုပ်စု၊ ကန်ကောက်အရှေ့ကျေးရွာရှိ ဝင်းအောင်နှင့် မသန်းလှေတို့၏ နေအိမ်တွင် မူးယစ်ဆေးဝါးများအား ဘေထုပ်အတွင်းထည့်၍ ဟုမ္မလင်းမြို့သို့ လူမဲ့တန်ဆာဖြင့် ပေးပို့မည်ဖြစ်ကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာ နေအိမ်မှ ပလတ်စတစ်ဆပ်ပြာခွက် ၈၅၄ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၈ ဒသမ ၅၄ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၂၅၀ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ကျပ် ၂,၁၃၅ သိန်း) သိမ်းဆည်းရမိခဲ့ပြီး ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၆ နာရီ ၅၀ မိနစ်တွင် ဘိန်းဖြူ ဆပ်ပြာခွက်များအား ရောင်းချပေးသူ မချိုချိုသန်း(ခ)မချိုအား မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းတွင် ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ဝင်းအောင်(၃၇)နှစ်၊ မသန်းလှေ (၄၅)နှစ်နှင့် မချိုချိုသန်း(ခ)မချို (၅၅)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူခဲ့ပါသည်။
အလားတူ ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအုပ်စု၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် SCANIA အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် လွမ်းဝေထွန်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ကျပ်သိန်း ၃၀၀) သိမ်းဆည်းရမိခဲ့သဖြင့် လွမ်းဝေထွန်း(၄၆) နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
ဝင်းအောင်၊ မသန်းလှေနှင့် မချိုချိုသန်း(ခ)မချို တို့အား သိမ်းဆည်းရမိသည့် ဘိန်းဖြူများနှင့်အတူ တွေ့ရစဉ်။
လွမ်းဝေထွန်း အား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။