၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ တောင်ကြီးတက္ကသိုလ်ရှေ့ဝင်ပေါက် မုခ်ဦးအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၁၈)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(တောင်ကြီး)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အနောက်မြို့ပတ်လမ်းအတိုင်း ဧရာဝတီလမ်းဆုံမှ တက္ကသိုလ်လမ်းဆုံမီးပွိုင့်သို့ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်နေ ဝေဝေမာ(၃၀)နှစ် မောင်းနှင်လာသည့် SHN-18 1L/XXXX Hijet ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးတွင် ရပ်တန့်ထားသည့် တစ်ရပ်ကွက်တည်းနေ ကျော်သန့်ဇင်ဝင်း(၂၃)နှစ် ပိုင်ဆိုင်သည့် SHN-18 6J/XXXX Mitsubishi Pajero ယာဉ်အား နောက်မှ ဝင်ရောက်တိုက်မိကာ လမ်းဘေးရှိ “ထက်အာကာ” ခေါက်ဆွဲဆိုင်အတွင်းသို့ ဝင်သွားခဲ့ပြီး ဆိုင်အတွင်း ရှိနေသူများအား ဝင်ရောက်တိုက်မိခဲ့၍ ကျောင်းကြီးစုရပ်ကွက်နေ ဒေါ်ပုလဲ(၅၆)နှစ်နှင့် ကံကြီးရပ်ကွက်နေ မနှင်းအိဖြူ(၃၅)နှစ်တို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ဝေဝေမာအား တောင်ကြီးမြို့မရဲစခန်း ယာဉ်(ပ)၁/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၈/၂၇၉/၄၂၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။